Premier League

ပေါင် ၃၈ သန်းတန် နောက်ခံကစားသမားကို ချက်ချင်းခေါ်ယူချင်နေပြီး စီးရီးအေကွင်းလယ်ကြယ်ပွင့်ကိုလည်း ကင်းထောက်နေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဗန်ဒိုက်နဲ့ ဂျိုး ဂိုးမက်ဇ်တို့ ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိတဲ့အတွက် ယခုလမှာ နောက်ခံကစားသမားတစ်ဦး မဖြစ်မနေ ခေါ်ယူရမှာဖြစ်ပြီး နည်းပြကလော့ပ်က လိုက်ပ်ဇစ်နောက်ခံကစားသမား အူပါမီကာနိုကို ချက်ချင်းခေါ်ယူစေချင်တယ်လို့ သိရပါတယ်။

ပြင်သစ်နောက်ခံကစားသမားဟာ လိုက်ပ်ဇစ်အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ကာလရှည်ထွက်ပေါ်နေခဲ့သူဖြစ်ပြီး လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ အသက် ၂၃ နှစ်အရွယ်ကစားသမားကို အမှန်တကယ်စိတ်ဝင်စားကြောင်း ပြသထားခဲ့ကြတာဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းနဲ့ စာချုပ်လျော်ကြေး ပေါင် ၃၈ သန်းပေးလျော်ရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားတဲ့ အူပါမီကာနိုဟာ လီဗာပူးလ်နည်းပြ ကလော့ပ်အတွက် အဓိကဦးစားပေးပစ်မှတ်ဖြစ်ပြီး လီဗာပူးလ်အသင်းကတော့ လက်ရှိအချိန်အထိ စျေးကွက်အတွင်းမှာ သိသိသာသာလှုပ်ရှားမှုမျိုး မပြုလုပ်သေးတာကို မြင်တွေ့ရပါတယ်။

မကြာသေးမီက အာဆင်နယ်နဲ့ လမ်းခွဲဖို့ သဘောတူညီမှုရခဲ့တဲ့ ဆိုခရာတစ်ဟာ လီဗာပူးလ်အသင်းအတွက် ခေါ်ယူဖို့ တော်တော်လေး မဖြစ်နိုင်ဖွယ်ရှိနေပြီး အာဆင်နယ်နောက်ခံကစားသမားဟောင်းဟာ အန်းဖီးမှာ လက်ရှိကင်းမဲ့နေတဲ့ အရည်အချင်းကို ပေးစွမ်းနိုင်မှာဖြစ်ပေမယ့် အလွတ်နဲ့ ခေါ်ယူနိုင်မှာဖြစ်တာကြောင့် လီဗာပူးလ်ကို များပြားတဲ့ လစာတောင်းဆိုသွားဖွယ်ရှိနေတာဖြစ်ပါတယ်။ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက လီဗာပူးလ်အသင်းဟာ အူဒီးနီးစ် ကွင်းလယ်တိုက်စစ်ကစားသမား ရိုဒရီဂို ဒီပေါလ်ကို ကင်းထောက်ခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း အီတလီက သတင်းတွေက အာဂျင်တီးနားကွင်းလယ်ကစားသမားဟာ နာပိုလီကို ပြောင်းရွှေ့ဖို့ ပြင်နေတယ်လို့ အခိုင်အမာဖော်ပြနေကြပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီပေါလ်လို စွမ်းရည်တွေပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုး မရှိခဲ့ဘဲ အဲဒါကြောင့်ပဲ နည်းပြကလော့ပ်ဟာ ကျောနံပါတ် ၁၀ နေရာကို ဖျောက်ကစားလေ့ရှိတာဖြစ်ပါတယ်။ စီးရီးအေကြယ်ပွင့်ကစားသမားဟာ နေရာစုံ ကစားနိုင်တဲ့ကစားသမားဖြစ်ပြီး ကွင်းလယ်တိုက်စစ်နေရာတင်မကဘဲ အခြားနေရာတွေမှာလည်း ကစားနိုင်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: