Premier League

အနာဂတ်အတွက် ဆုံးဖြတ်ချက်ကို ဆာလား အဖြေပေးခဲ့ပြီး စပါးနဲ့အပြိုင် စီးရီးအေကြယ်ပွင့်ကို လုရမယ့် လီဗာပူးလ်

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားက ရီးရဲလ်မက်ဒရစ် သို့မဟုတ် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့အချိန်မှာ အသင်းနဲ့ ၎င်းရဲ့အနာဂတ်အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညနေက မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်း အန်းဖီးမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့ပြီး လက်စတာစီးတီး၊ မန်စီးတီးတို့က သက်ဆိုင်ရာပွဲစဉ်တွေမှာ အသီးသီး နိုင်ပွဲရရှိခဲ့တာကြောင့် ကလော့ပ်ရဲ့အသင်းဟာ အမှတ်ပေးဇယားအဆင့် ၄ နေရာအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရရှိခဲ့ပေမယ့် အပိုင်ဂိုးသွင်းနိုင်မယ့် အခွင့်အရေး များများစားစား မဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ လက်ရှိအချိန်မှာတော့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲအထိ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပြီဖြစ်ပြီး ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းများစွာ ထွက်ပေါ်လာစေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုဟာမက် ဆာလားက ကောလာဟလသတင်းတွေကို ချေဖျက်ခဲ့ပြီး လီဗာပူးလ်အသင်းအပေါ်မှာ အပြည့်အဝ ပေးဆပ်သွားမယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် မသိပါဘူး။ ခင်ဗျား မေးမယ်ဆိုရင်တော့ ကျွန်တော် ဒီမှာ နေနိုင်သလောက်အထိ ကျွန်တော် နေချင်တယ်လို့ ပြောရမှာပါ။ ဒါပေမယ့် ကျွန်တော် အရင်တုန်းက ပြောခဲ့ဖူးတဲ့အတိုင်း အဲဒါက အသင်းရဲ့ သဘောအတိုင်းပါပဲ။ ကျွန်တော် ဒီအသင်းမှာရှိနေတဲ့ နောက်ဆုံးမိနစ်အထိ အမြဲတမ်း ၁၀၀ ရာခိုင်နှုန်း ပေးဆပ်သွားမှာပါ။ ကျွန်တော် ရနိုင်သလောက် ဆုဖလား များများ ရရှိချင်ပါတယ်။ ကျွန်တော့်ကို တချိန်လုံး ချစ်ခြင်းမေတ္တာတွေ ပြသခဲ့တဲ့ လူတွေကို ကျွန်တော် ၁၀၀ ရာခိုင်နှုန်း ပေးဆပ်ချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ အင်တာမီလန်ကြယ်ပွင့် နီကိုလို ဘာရယ်လာကို ခေါ်ယူချင်နေကြတယ်လို့ Calciomercato က ဖော်ပြခဲ့ပြီး စီးရီးအေကြယ်ပွင့်ဟာ ၂၀၂၄ ခုနှစ်မှာ အင်တာမီလန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ နီကိုလို ဘာရယ်လာအတွက် ကက်ဂလီယာရီအသင်းကို ယူရို ၄၀.၅ သန်း ပေးချေခဲ့ရပြီး သင့်တော်တဲ့ပမာဏနဲ့ ခေါ်ယူနိုင်ခဲ့တာလို့ မျှော်လင့်ရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် ပရီးမီးယားလိဂ်အသင်းတွေဟာ ကြီးမားတဲ့ငွေကြေးပမာဏသုံးစွဲဖို့အတွက် မတတ်နိုင်ဖြစ်နေကြပေမယ့် အသင်း ၂ သင်းကတော့ ငွေကြေးသုံးစွဲသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘာရယ်လာဟာ အင်တာမီလန်အသင်းအတွက် ၆၆ ပွဲမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပြီး တနင်္ဂနွေနေ့ညနေက ဂျူဗင်တပ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ဘာရယ်လာဟာ အနာဂတ်မှာ ကြီးမားတဲ့အလားအလာရှိနေပုံပေါ်ပြီး ၂၀၁၉ ခုနှစ်မှာ အင်တာမီလန်ကို ပြောင်းရွှေ့လာချိန်ကတည်းက ဥရောပရဲ့ ထိပ်တန်းလူငယ်ကွင်းလယ်ကစားသမားတွေထဲကတစ်ဦးဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာရယ်လာဟာ နည်းစနစ်ပိုင်းဆိုင်ရာ မွေးရာပါထူးချွန်သူဖြစ်ပြီး တိုက်စစ်ကိုလည်း လိုက်ပါနိုင်စွမ်းရှိသူဖြစ်တဲ့အတွက် လီဗာပူးလ်မှာရှိနေတဲ့ သီယာဂို အယ်လ်ကန်တာရာနဲ့ ကစားဟန်ဆင်နေတာကြောင့် အန်းဖီးကို ရောက်ရှိဖို့တော့ ခက်ခဲမယ့်ပုံပေါ်ပါတယ်။ တော့တင်ဟမ်ဟမ်ဟော့စပါးအသင်းကတော့ ဟော့ဂျက်ဘ်နဲ့အတူ ခြေစွမ်းပိုမိုတိုးတက်လာဖို့အတွက် ရွေးချယ်စရာ ကမ်းလှမ်းနိုင်တာကြောင့် ပိုမိုပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ ဆိုရမှာဖြစ်ပေမယ့် ပြောင်းရွှေ့ကြေးကတော့ မော်ရင်ညို ကိုင်တွယ်လို့ရတဲ့ အပိုင်းမဟုတ်တာ သေချာပါတယ်။

ပါရမီရှိတဲ့ အင်တာမီလန်ကွင်းလယ်ကစားသမားဟာ ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်လာဖို့ သေချာသူဖြစ်ပြီး လီဗာပူးလ်နဲ့ စပါးအသင်းအတွက်ပါ ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လာမှာဖြစ်လိမ့်မယ်လို့ မျှော်မှန်းရပါတယ်။