Match Report Premier League

အဲဗာတန် 0-2 မန်ချက်စတာယူနိုက်တက်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ ၇ ချက်

နောက်ဆုံးလေးသင်းအဆင့်ကို နှစ်နှစ်ဆက်တိုက် တက်လှမ်း – မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဆီမီးဖိုင်နယ်အဆင့်ကို အရောက်လှမ်းနိုင်ခဲ့တာက သူတို့အတွက်တော့ ဒီပြိုင်ပွဲမှာ ၁၆ ကြိမ်မြောက်လည်းဖြစ်ပြီး နှစ်ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ လာမယ့်ပွဲမှာတော့ မြို့ခံပြိုင်ဘက်ကို အိမ်ကွင်းမှာ ဒါဘီအဖြစ် ဧည့်ခံရမှာပါ။

ခြိမ်းခြောက်မှု ကြမ်းကြမ်းနဲ့ စတင်ခဲ့တဲ့ ဧည့်သည်တွေ – အိမ်ရှင်အသင်းဖြစ်တဲ့ အဲဗာတန်အနေနဲ့ ဂွတ်ဒီဆန်ပါ့ခ်မှာ ဘောလုံးပိုင်ဆိုင်မှု နည်းနည်းနဲ့ တန်ပြန်တိုက်စစ်ပဲ ကစားရအောင် ယူနိုက်တက်တို့က အသာစီးယူနိုင်ခဲ့သလို ပထမပိုင်းစတင်ကတည်းက အခွင့်အရေးတွေကို ဆက်တိုက် ဖန်တီးနိုင်ခဲ့ပြီး ၉ ကြိမ်အထိ ဂိုးပေါက်ခြိမ်းခြောက်ခဲ့တာပါ။ လိဒ်စ်နဲ့ပွဲကလိုမျိုး တိကျတဲ့ အဆုံးသတ်မှုတွေ မရခဲ့လို့သာ စောစောစီးစီး ဂိုးမရခဲ့တာ ဖြစ်ပါတယ်။

ကာဗာနီရဲ့ အရေးပါတဲ့ သွင်းဂိုးနဲ့… – ဥရုဂွေးသားကြီးကတော့ မန်ချက်စတာယူနိုက်တက်အတွက် အကျိုးပြုနေကျ နှစ်ချို့ဝိုင်တစ်ပုလင်းပါပဲ။ ဟင်းနရစ် လာဆန်၊ အီဘရာဟီမိုဗစ်ချ်တို့လိုပဲ အတွေ့အကြုံကောင်းတွေနဲ့ အကျိုးပြုနိုင်ခဲ့ပြီး ဒီနေ့ပွဲမှာလည်း အရေးပါတဲ့ ဂိုးတစ်ဂိုးကို မထင်မှတ်တဲ့ အနေအထားကနေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲဗာတန်အသင်းနဲ့ နှစ်ကြိမ်တွေ့ဆုံရာမှာ နှစ်ပွဲစလုံး ပွဲပြီးခါနီးတွေမှာ သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Clean Sheet ကို ထိန်းသိမ်းနိုင်ဆဲ ယူနိုက်တက် – မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ် ကာရာဘောင်းဖလားမှာ ပေးဂိုးမရှိတဲ့ Clean Sheet စံချိန်ကိုတော့ ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ လူတန်၊ ဘရိုက်တန်၊ အဲဗာတန် သုံးတန်ကို အဝေးကွင်းတွေမှာချည်း ကစားခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဆိုးရွားနေတဲ့ ခံစစ်ကတော့ ဒီဖလားမှာ ဒေါင်ဒေါင်မြည်ဖြစ်ခဲ့ပါတယ်။

ခံစစ်ကို အားဖြည့်နိုင်ခဲ့တဲ့ ဘိုင်လီ – နောက်ခံလူ အဲရစ် ဘိုင်လီကတော့ စပါးစ်ကို ၆-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး ပထမဆုံး ပြန်ကစားနိုင်ခဲ့တာ ဖြစ်သလို ဒီနေ့ပွဲမှာတော့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့တွဲဖက်ပြီး အမှားအယွင်းမရှိ ကစားသွားနိုင်ခဲ့ပါတယ်။ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား အတွက်တော့ ဘောက်ဆင်ဒေးနဲ့ နယူးယားပွဲကျပ်ကာလမှာ ကစားသမားတွေကို အလှည့်ကျ အနားပေးသုံးစွဲနိုင်ဖို့ ပိုမိုမျှော်လင့်နိုင်တော့မှာပါ။

ပုံစံကောင်း ပြန်ရနေတဲ့ မာစီယယ်လ် – အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှုမရှိဘဲ ၆ ပွဲအထိ ရှိခဲ့ရာကနေ နောက်ဆုံး ၃ ပွဲမှာတော့ ပြင်သစ် တိုက်စစ်မှူးအနေနဲ့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ကိုယ်တိုင် ၂ ဂိုးသွင်းနိုင်သလို အသင်းဖော်တွေအတွက်လည်း ၄ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အသင်းရဲ့ တိုက်စစ်အတွက်တော့ အားတက်စရာ အရှိန်မြင့်လာခဲ့ပါပြီ။

အဝေးကွင်းတွေက ယူနိုက်တက်ရဲ့ အားသာချက်လား – မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြည်တွင်းပြိုင်ပွဲတွေမှာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေနဲ့ တွေ့ဆုံရာမှာ ၁၃ ပွဲဆက်ပြီး အဝေးကွင်းတွေမှာ အနိုင်ရယူထားခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက နော့ဝစ်ချ်ကို အချိန်ပိုမှာ နိုင်ခဲ့တဲ့ အက်ဖ်အေ ဖလားပွဲကနေ စတင်ရေတွက်ရင် အဲဗာတန်နဲ့ပွဲအထိ ဒီမှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဒီမှတ်တမ်းကို တိုးမြှင့်ဖို့အတွက်တော့ လက်စတာ၊ လီဗာပူးလ်တို့နဲ့ ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.