Match Report Premier League

မန်ချက်စတာယူနိုက်တက် 6-2 လိဒ်စ်ယူနိုက်တက်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ အချက် ၈ ချက်


၁၆ နှစ်ကြာမှ ပြန်လည်ဆုံစည်းခဲ့ကြသူတွေ
ဒီနှစ်သင်းဟာ ခုမှ တွေ့ဖူးပြီး ယူနိုက်တက်တို့က တန်းတက်ကလေးကို သိပ်လိုက်တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၆ နှစ်တုန်းက အိုးလ်ထရက်ဖို့ဒ်မှာ တစ်ဂိုးစီ သရေကစားနိုင်ခဲ့သလို အဲ့ဒီတုန်းက ယူနိုက်တက်တို့ အနိုင်ရတာ များပေမယ့် နှစ်သင်းကြား ရလဒ်တွေကတော့ အမြဲတမ်း ကျဉ်းမြောင်းတတ်ပြီး နိုင်လည်း တစ်ဂိုးလောက်ပါပဲ။ ပရီးမီးယားလိဂ် လက်ဟောင်းဖန်တွေအတွက် ဒီနေ့က ပြန်လည်ဆန်းသစ်တဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။


လျှပ်စီးလက်သလို စတင်မှု
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပထမဂီယာကတော့ မြန်လွန်းပါတယ်။ ပွဲစချိန်ကနေ စက္ကန့် ၁၇၀ အတွင်း နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ယူနိုက်တက်တို့ရဲ့ ဂိုးသွင်းစွမ်းရည်က ၂၀၁၁ ခုနှစ်က နယူးကာဆယ်လ်ကို သွင်းယူတဲ့ ၁၆၄ စက္ကန့် စံချိန်ထက် ၆ စက္ကန့်ပဲ လျော့နည်းခဲ့တာလည်းဖြစ်ပါတယ်။


ကောင်းလွန်းတဲ့ စကော့
စကော့ မက်တော်မီနေးအတွက်တော့ ကြီးမားတဲ့ စံချိန်နဲ့ ကြီးမားတဲ့ ကစားသမားတစ်ဦးအဖြစ်ကို ရောက်ရှိလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ စကော့တလန်သားဟာ ပရီးမီးယားလိဂ်မှာလည်း ဘယ်သူမှ မရဖူးသေးတဲ့ အဖွင့် ၃ မိနစ်အတွင်း ၂ ဂိုးသွင်းတဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်သွားနိုင်ခဲ့ပြီး ပရိသတ်တွေအတွက်လည်း တစ်သက်လုံး အမှတ်ရနေတော့မှာပါ။


ဖာနန်ဒက်စ်ရဲ့ မှတ်တမ်း
ပရီးမီးယားလိဂ် ၂၇ ပွဲကစားပြီးချိန်မှာ ၂၉ ဂိုး ပါဝင်ပတ်သက်ခဲ့ပြီး ၁၇ ဂိုးသွင်း၊ ၁၂ ဂိုး ဖန်တီးခဲ့တယ်ဆိုတာက သူ့ကို ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်းနဲ့ Add-ons တွေက ယူနိုက်တက်တို့အတွက် အရမ်းကို ဈေးချိုနေခဲ့တယ်။ ပင်နယ်တီထက် ပိုပြီး လုပ်ပြနိုင်ခဲ့တဲ့ ၅ ပွဲမြောက် ဖြစ်သလို ဖန်တီးမှုရော သွင်းဂိုးပါ ရရှိခဲ့တဲ့ ၇ ပွဲမြောက်လည်း ဖြစ်ခဲ့ပါတယ်။

ဂိုးမိုးရွာတဲ့ အိုးလ်ထရက်ဖို့ဒ်
မူရင်းကတော့ နှင်းတောင်ပြိုကျသလိုမျိုး Avalanche အာဗလွန်ရှ်လို့ ခေါ်တာပေါ့။ မြန်မာဆန်ဆန် ပြောရရင် အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးမိုးရွာခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်း ၄၅ မိနစ်မှာ ယူနိုက်တက်တို့ သွင်းနိုင်ခဲ့တဲ့ ၄ ဂိုးက ပြီးခဲ့တဲ့ အိမ်ကွင်း ၆ ပွဲစလုံးကို မိနစ် ၅၄၀ ကစားပြီး ရခဲ့တဲ့ စုစုပေါင်းဂိုးထက်လည်း ပိုခဲ့ပါတယ်။ နှစ်သင်းပေါင်း ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ပွဲက စိတ်လှုပ်ရှားမှုတွေကို အပြည့်အဝ ပေးစွမ်းခဲ့တာ အမှန်ပါပဲ။

မမျှမတ အဝါကတ်နဲ့ ဂျိမ်းစ်
လိဒ်စ်ယူနိုက်တက်ရဲ့ ဂိုးဧရိယာထဲကို မြန်နှုန်းမြင့် ပြေးလွှားထိုးဖောက်ခဲ့တဲ့ ဒန်နီယယ်လ် ဂျိမ်းစ်အတွက်တော့ အဝါကတ်က တရားမျှတမှု ကင်းမဲ့ခဲ့ပါတယ်။ ဒီကတ်နဲ့ ပင်နယ်တီဖြစ်နိုင်ခြေအတွက် VAR တောင် ပြန်မကြည့်ခဲ့တာက တစ်ဖက်စောင်းနင်းနိုင်လွန်းပြီး စည်းမျဉ်းတွေအရလည်း ပင်နယ်တီအတွက် VAR ကြည့်ခွင့်ကို အဝါကတ်အတွက် ကြည့်ဖို့ မလိုမှုနဲ့ ပယ်ချသွားခဲ့တာလည်းဖြစ်ပါတယ်။ ဒီရာသီမှာ ဒီလို အဝါထိခဲ့တာက ဂျိမ်းစ်အပြင် ဝုလ်ဗ်စ်ရဲ့ အဒါမာ ထရာအိုရေးတစ်ဦးတည်းသာ ရှိသေးတာပါ။


ရိုးသားပွင့်လင်းလွန်းတာ မကောင်းဘူး၊ ဘီယယ်လ်ဆာ
ပွဲမတိုင်ခင် သတင်းစာရှင်းလင်းမှုတွေမှာ သူ့ရဲ့ ကစားကွက်နဲ့ ချဉ်းကပ်မှုတွေကို ထုတ်ပြောတတ်တာက ဘီယယ်လ်ဆာအတွက် ဒီနေ့ရလဒ်မျိုး ထွက်ပေါ်စေခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ကောင်တာတွေကို သတိထားမယ်၊ ဘရူနို ဖာနန်ဒက်စ်ကို လူကပ်ဖို့ အစီအစဉ် မရှိဘူးလို့ ထုတ်ပြောခဲ့တာက ဆိုးလ်ရှားအတွက်တော့ ခန့်မှန်းရလွယ်ကူစေပြီး ၃၇ မိနစ်မှာ ၄-၀ ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ သူ့စကားကြောင့်လို့ တစ်ထစ်ချ မပြောနိုင်ပေမယ့် ကောက်ချက်ချစရာတော့ ဖြစ်သွားခဲ့တာပါ။


ဘောက်ဆင်ဒေးမှာ အစမ်းသပ်ဆက်ခံရမယ့် ဆိုးလ်ရှားရလဒ်တွေ မကောင်းခဲ့ရာကနေ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့် အနေအထား ကိုပါ ရောက်လာခဲ့တာကတော့ နော်ဝေသားနည်းပြကြီးရဲ့ လုပ်နေကျပုံစံပါပဲ။ မထုတ်ခင် ၆ ပွဲ စောင့်ကြည့်မယ်ဟေ့ဆိုရင် စွတ်စက်ကောင်းတတ်တဲ့ ဆိုးလ်ရှားအတွက် တစ်ရှူးထိုး ထပြေးကြတဲ့ ယူနိုက်တက်ရဲ့ ရုန်းအားနဲ့ စွမ်းအင် ဘယ်လောက်ရှိသလဲဆိုတာ ကင်းပါဝါမှာ လက်စတာစီးတီးနဲ့ အစမ်းသပ်ခံရမှာမို့ ရင်ခုန်စရာအဖြစ် စောင့်ကြည့်ရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: