Match Report Premier League

အိုးလ်ထရက်ဖို့ဒ်မှာ ပြိုင်ဘက်ဟောင်းကို ပြတ်သားစွာ နှိပ်ကွပ်လိုက်တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီနေ့ပွဲမှာ လုခ်ရှောကို ပြန်လည်ထည့်သွင်းခဲ့ပြီး ကွင်းလယ်မှာလည်း ဖရက်ဒ် ပါဝင်လာခဲ့သလို လိဒ်စ်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်နေတဲ့ ဒန်နီယယ်လ် ဂျိမ်းစ်ကိုပါ ထည့်ခဲ့ပြီး အိမ်ကွင်းမှာ မတူညီတဲ့ ပုံစံနဲ့ လျင်မြန်မှု ဦးစားပေးပြီး ကစားလာခဲ့ပါတယ်။

ပွဲစစချင်းကတည်းက ယူနိုက်တက်တို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၂ မိနစ်မှာ ဘယ်ခြမ်းကနေ အတွင်းကို ဘောလုံးဆွဲယူလာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ချပေးတာကို မက်တော်မီနေးက လျှပ်တစ်ပြက်ကန်သွင်းခဲ့ရာမှာ မြင်ကွင်းမှာ နောက်ခံလူပိတ်နေတဲ့ ဂိုးသမား မေလီယေး အချိန်မီ မကာကွယ်နိုင်ခဲ့လို့ စောစောစီးစီးမှာပဲ အိမ်ရှင်တွေ ပျော်ရွှင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃ မိနစ်မှာတော့ လက်ပစ်ဘောကနေ မာစီယယ်လ် ဘောလုံးရသွားပြီး ဧရိယာအစပ်မှာ ဘောလုံးကိုင်ထားတုန်းမှာ ပြေးဝင်လာခဲ့တဲ့ မက်တော်မီနေးရဲ့ ခြေထဲကို ကွက်တိ ထည့်ပေးလိုက်နိုင်တာကြောင့် စကော့တလန်ကွင်းလယ်လူက အနီးကပ်ကန်ခွင့်နဲ့အတူ ဒုတိယဂိုးကို ဆက်တိုက် ဆိုသလိုပဲ သွင်းယူနိုင်ခဲ့တာပါ။

ဒန်နီယယ်လ် ဂျိမ်းစ်နဲ့ မာစီယယ်လ်တို့ရဲ့ လျင်မြန်မှုတွေက လိဒ်စ်တို့ရဲ့ နောက်တန်းကို ပြဿနာဖြစ်စေခဲ့ပြီး ပွဲချိန် မိနစ် ၂၀ မှာတော့ မာစီယယ်လ်ဂိုးသွင်းဖို့ ကြိုးစားတာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်က လိုက်လာတဲ့ ဘရူနို ဖာနန်ဒက်စ်က အပြင်းကန်သွင်းပြီး တတိယဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ ယူနိုက်တက်တို့ စတုတ္ထဂိုးကို ရယူနိုင်ခဲ့ပြီး ရှက်ဖီးလ်ဒ်နဲ့ပွဲက ဂိုးဖန်တီးရှင် နောက်ခံလူ လင်ဒီလော့ဖ်က မာစီယယ်လ် ခေါင်းတိုက်ချပေးတာကို အဝေးတိုင်ဘက်ကနေ အဆင်သင့်စောင့်ပိတ်ပြီး လိဒ်စ်ယူနိုက်တက်ရဲ့ နည်းပြကြီး ဘီယယ်လ်ဆာကို မျက်နှာပျက်စေခဲ့တာပါ။

ဒါပေမယ့် ပထမပိုင်း မပြီးဆုံးခင် လိဒ်စ်တို့ တစ်ဂိုးပြန်လည် ချေပနိုင်ခဲ့ပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ တောင်ပံကစားသမား ရာဖင်ညာရဲ့ ထောင့်ကန်ဘောကို နောက်ခံလူ ကူးပါးက ခေါင်းတိုက်ခဲ့ရာမှာ ဒဟေးယား ဆန့်ထုတ်တဲ့ လက်ထက် အနည်းငယ်ကွာဝေးတဲ့ အနေအထားကနေ ဂိုးဝင်သွားခဲ့လို့ ၄၅ မိနစ်အပြီးမှာ လေးဂိုး-တစ်ဂိုးနဲ့ ယူနိုက်တက်တို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပွဲစပြီး မကြာခင်မှာ အပိုင်အခွင့်အရေးကို မာစီယယ်လ် လွဲချော်ခဲ့သလို ရာဖင်ညာရဲ့ ကန်သွင်းမှုတစ်ကြိမ်ကိုလည်း ဒဟေးယား သတိကြီးကြီးနဲ့ ကာကွယ်ခဲ့ရပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘောလုံးဆွဲပြေးရင်း ကူးပါးနဲ့ ထိပြီး ပင်နယ်တီဧရိယာထဲ လဲကျတဲ့ ဂျိမ်းစ်ကို ဒိုင်လူကြီး အန်ထော်နီ တေလာက ပင်နယ်တီအစား အဝါကတ်ပဲ ပေးခဲ့ပါတယ်။

ဒါကို မခံချင်စိတ်ဖြစ်သွားတဲ့ ဝေလသားကတော့ နောက်ထပ် ၁၄ မိနစ်အကြာမှာ ပေါက်ကွဲပြခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ မက်တော်မီနေး ပေးပို့လိုက်တဲ့ ဘောလုံးကို ရယူပြီး ဂိုးသမား မေလီယေးရဲ့ ပေါင်ကြားထဲကနေ သူ့အတွက် ရှားပါးလှတဲ့ ပရီးမီးယားလိဂ်ဂိုးတစ်ဂိုးကို ရယူသွားခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ မာစီယယ်လ်ကို နောက်ခံလူ စထရွိုက် ဖျက်ထုတ်ရာကနေ ရှိတဲ့ ပင်နယ်တီကို ထုံးစံအတိုင်းပဲ ဘရူနို ဖာနန်ဒက်စ်က လှလှပပ လှည့်စားကန်သွင်းသွားခဲ့လို့ မန်ချက်စတာယူနိုက်တက်တို့ အိမ်ကွင်းမှာ ဂိုးဒါဇင်ဝက်အထိ ရယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ခံစစ်ကစားပုံ ပေါ့လျော့မှုနဲ့ အမြင့်ဘောကို တုံ့ပြန်မှု နှေးတာကနေ ရာဖင်ညာက ဘောလုံးရယူသွားခဲ့ပြီး ပြန်ချပေးတာကို နောက်ခံလူ စတူးဝပ် ဒါးလက်စ်က ယူနိုက်တက်ခံစစ်တန်းကို ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ ဒဟေးယား မကာကွယ်နိုင်ခဲ့ဘဲ တစ်ဂိုး ပြန်ပေးခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ ဖာနန်ဒက်စ်အစား ဗန်ဒဘိခ်၊ ရက်ရှ်ဖို့ဒ်အစား ကာဗာနီတို့ လူစားလဲပြီး ကစားခဲ့ပေမယ့် တိုက်စစ်ကိုတော့ ဆက်လက် ဖိကစားနိုင်ခဲ့ပြီး လုခ်ရှောအစား ဝင်လာတဲ့ အဲလက်စ် တဲလက်စ်ရဲ့ ကန်ချက်ကို လိဒ်စ်ဂိုးသမား ကာကွယ်သွားနိုင်ခဲ့တာကြောင့် ဂိုးတော့ ထပ်မရခဲ့ဘဲ အိုးလ်ထရက်ဖို့ဒ်မှာ ခြောက်ဂိုး-နှစ်ဂိုးရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ အမှတ်ပေးဇယားရဲ့ တတိယနေရာကို တက်ရောက်လာနိုင်ခဲ့သလို လက်ထဲမှာလည်း ပွဲကျန်တစ်ပွဲ ရှိနေခဲ့တာကြောင့် ချန်ပီယံဆုအတွက် လီဗာပူးလ်ကိုပါ ဖိအားပေးနိုင်တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပြီး အိမ်ကွင်းမှာ ဂိုးမိုးရွာမှုနဲ့အတူ ပရိသတ်တွေအတွက် ပျော်ရွှင်စရာ ညချမ်းလေးတစ်ခု ဖြစ်ခဲ့ပါကြောင်း ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.