Premier League Transfer News

18 Dec ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ ကစားသမားတွေအနေနဲ့ ထရိန်နင်မှာ ပြက်လုံးထုတ်နေခဲ့ကြပြီး ငါတို့တွေ သီယာဂိုကို ဇန်နဝါရီအတွက် ခေါ်ယူနိုင်လိမ့်မယ်လို့ ပြောကြားနေခဲ့ကြကြောင်း နည်းပြ ယာဂန် ကလော့ပ်က ထုတ်ဖော်သွားခဲ့ပြီး ဘရာဇီးလ်ကွင်းလယ်လူရဲ့ ပါဝင်နိုင်ခြေဟာ ဒီလကုန်လောက်မှာ ဖြစ်နိုင်လိမ့်မယ်လို့ ပြောကြားသွား။

– ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးစ်ဂိုးသမား ဟူဂို လိုရစ် သူ့အနေနဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ဖီဖာအကောင်းဆုံးဆုအတွက် ပထမနေရာပေးခဲ့သလို ဒုတိယနေရာကိုတော့ လီဗာပူးလ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို မဲပေးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့။

– ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ ကစားမယ့် အဝေးကွင်းပွဲစဉ်မှာ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ် ပြန်လည်ပါဝင်နိုင်ဖို့ ရှိနေပြီး ကွင်းလယ်လူတွေဖြစ်ကြတဲ့ ရှာကျီရီ၊ မီလ်နာနဲ့ သီယာဂိုတို့ လေ့ကျင့်ခန်းဆင်းနေကြသလို ဗန်ဒိုက်အပါဝင် ခုနစ်ဦးကတော့ အသင်းနဲ့ ပြန်ကစားဖို့ ဝေးကွာနေဆဲလို့ သိရ။

– ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ဟာ အသင်းအတွက် လိုအပ်နေတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်လို့ နည်းပြ ကလော့ပ်က ထုတ်ဖော်သွားခဲ့ပြီး စပါးစ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ အသင်းဖော်တွေကို ဖြုန်းတီးခဲ့တဲ့ အခွင့်အရေးတွေအတွက် အော်ငေါက်သတိပေးမှုတွေ ပြုလုပ်နေခဲ့တဲ့လို့ဆို။

– လီဗာပူးလ်အသင်းရဲ့ စောင့်ကြည့်နေခဲ့တဲ့ ကစားသမားတွေထဲမှာ ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားလည်း ပါဝင်နေပြီး ဘာစီလိုနာနည်းပြ ရော်နယ်လ် ကိုးမန်းနဲ့ သံယောဇဉ်ရှိနေပြီး အသင်းနဲ့ စာချုပ်သစ် မသေချာသေးတဲ့ ဒတ်ချ်ကွင်းလယ်လူ ဗိုင်နယ်ဒွမ်ကို မထိန်းသိမ်းနိုင်ခဲ့ရင် အစားထိုးဖို့ လျာထားနေ။

– ဘိုင်ယန်မြူးနစ်လူငယ်ကစားသမား ဂျမဲလ် မူဆီယာလာဟာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ အနှစ်သက်ဆုံး ကစားသမားတစ်ဦး ဖြစ်တယ်လို့ ဂျာမန်ကွင်းလယ်လူဟောင်း မီရှာအေးလ် ဘားလက်ခ်က ထုတ်ဖော်သွားခဲ့ပြီး ဘာဗေးရီးယားကလပ်ဘက်ကတော့ သူတို့ ကစားသမားကို လက်မလွှတ်ရအောင် တစ်ပတ်ကို ပေါင်တစ်သိန်းအထိပေးပြီး စာချုပ်ချုပ်သွားမယ်လို့ သတင်းထွက်နေ။

– ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက် မန်ချက်စတာစီးတီးကစားသမား အယ်လ်ဂျီးရီးယားအသင်းခေါင်းဆောင် ရီယက် မာရက်ဇ်ရဲ့ ဖီဖာအကောင်းဆုံးဆုအတွက် မဲပေးမှုမှာ သူ့ရဲ့အသင်းဖော် ကီဗင် ဒီဘရိုင်းနားကို ကျော်လွန်ပြီး လီဗာပူးလ်ရဲ့ ဆာဒီယို မာနေးကို ရွေးချယ်ခဲ့ကြောင်း သိရ။

– ပရိသတ်တွေရဲ့ စောင့်စားအားပေးမှုအတွက် ကျေးဇူးတင်ပေမယ့် သူရရှိထားတဲ့ ဒူးဒဏ်ရာဟာ ထင်တာထက် ရှုပ်ထွေးတဲ့ အနေအထားမှာ ရှိနေတာကြောင့် အလောတကြီး ပြန်လည်ကစားလို့ မရတဲ့အတွက် အချိန်ယူကုသဖို့ လိုနေပြီး ပျောက်ကင်းတာနဲ့ အမြန်ဆုံး ပြန်ကစားပေးမယ်လို့ ဒီယိုဂို ဂျိုတာက ပြောကြားသွား။

– ဂျာမနီအသင်းရဲ့ ခံစစ်မှာ တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ခံစစ်မှူးကြီး ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ လီဗာပူးလ်နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကို သူ့အနေနဲ့ အာနည်းချက်ရှာဖွေလို့ မရနိုင်ကြောင်းနဲ့ သူ့ရဲ့ကစားပုံကို အလွန်နှစ်သက်မိကြောင်း ချီးကျူးသွား။