Premier League

ပေါ်တိုဂိုးသမားလက်စွမ်းပြခဲ့လို့ စီးတီးတို့ ရာနှုန်းပြည့်နိုင်ပွဲစံချိန် ရပ်တန့်ခဲ့ရ

မန်ချက်စတာစီးတီးအသင်းကတော့ အုပ်စု(C)ရဲ့ ဗိုလ်အသင်းအဖြစ် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် သူတို့ရဲ့ အုပ်စုအဆင့်မှာ ရာနှုန်းပြည့်အနိုင်ရခဲ့တဲ့ စံချိန်ကိုတော့ ၅ ပွဲမြောက်မှာ ရပ်တန့်လိုက်ရပြီး ပေါ်တိုတို့ရဲ့ နဂါးကွင်း အက်စတာဒျိုဒို ဒရာဂိုမှာ ဂိုးမရှိ သရေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ကွင်းလယ်မှာ ဖာနန်ဒင်ညို ပြန်လည်ပါဝင်လာပြီး တောင်ပံခံစစ်မှာ အရန်တွေကို သုံးခဲ့တဲ့ ဒီနေ့ပွဲမှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ တိုက်စစ်မှာတော့ ဂျေဆူးစ်ကို အနားပေးသွားခဲ့ပြီး စပိန်လူငယ် ဖယ်ရန် တောရက်စ်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

စတာလင်ရဲ့ ကန်ချက် ဂိုးသမားကို ကျော်ဖြတ်ခဲ့ပေမယ့် ဂိုးစည်းပေါ်က စောင့်နေတဲ့ နောက်ခံလူရဲ့ ဖျက်ထုတ်ခြင်းခံခဲ့ရသလို အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကလည်း လူကျွံဘောတွေ များခဲ့တာကြောင့် မန်စီးတီးတို့ အသာစီး မရယူနိုင်ဘဲ ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း စတာလင်ရဲ့ One on One ကို ပေါ်တိုဂိုးသမား မာရှေစင် ကာကွယ်နိုင်ခဲ့အပြီး တောရက်စ်ကလည်း ထပ်မံလွဲချော်ခဲ့လို့ နည်းပြ ဂွါဒီယိုလာအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး လူစားဝင်လာတဲ့ ဂျေဆူးစ်ရဲ့ ဂိုးကလည်း ဖြတ်တင်ဘော မလုပ်ခင်မှာ ကြားထဲက ဘောလုံး လက်ခံရယူတဲ့ ရိုဒရီဂိုရဲ့ လူကျွံအနေအထားကြောင့် ပယ်ဖျက်ခံခဲ့ရပြန်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ မန်စီးတီးတို့ ဘောလုံး ၆၉ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ပြီး ဖိကစားနိုင်ခဲ့ပေမယ့် ပေါ်တိုဂိုးသမားနဲ့ နောက်တန်းကောင်းလို့ အပြင် သူတို့ရဲ့ ဖန်တီးမှုတွေကလည်း တိကျမှု မရှိတာကြောင့် ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး နှစ်သင်းစလုံး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။