Premier League

ယူနိုက်တက် ၄-၁ အစ္စတန်ဘူလ်ပွဲအပြီး ထူးထူးခြားခြား ထုတ်နုတ် ပြောစရာ ၇ ချက်

ဖာနန်ဒက်စ်ရဲ့ ပြောင်မြောက်မှု
အိုးထရက်ဖို့ဒ်မှာ အဖွင့်ဂိုး ၂ ဂိုးကို သွင်းယူပြီး ယူနိုက်တက်အတွက် ချိုမြိန်တဲ့ အနိုင် ၃ မှတ်ကို ယူဆောင်ပေးခဲ့သလို ဖာနန်ဒက်စ်ရဲ့ အဖွင့်သွင်းဂိုးက လှလှပပဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် အသီးအပွင့်မှန်သမျှကို ဒိုင်ခံခူးဆွတ်ပေးနေတဲ့ ဖာနန်ဒက်စ်ဟာ ရပ်တန့်လို့ မရနိုင်ခဲ့ဘဲ ဒီနေ့ပွဲမှာလည်း အထူးခြေစွမ်းပြခဲ့ပြီး ယူနိုက်တက်အတွက် ၃၅ ပွဲကစား၊ ၂၁ ဂိုး သွင်း၊ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ရယူထားတဲ့ အခြေအနေအထိ ဆိုက်ရောက်လာခဲ့ပါတယ်။ ဟက်ထရစ်ရစေမယ့် ပင်နယ်တီဂိုး အခွင့်အရေးကိုလည်း ရက်ရှ်ဖို့ဒ်ထံ လက်လွှဲပေးခဲ့တာက ပရိသတ်တွေကိုလည်း အားရစေခဲ့တာပါ။

လူစုံထုတ်သုံးခဲ့တဲ့ အိုလေ
ကွင်းလယ်မှာ ဖရက်ဒ် နဲ့ ဒွန်နီတို့ အတွဲကို ထုတ်သုံးပြီး တိုက်စစ်ပိုင်းမှာ ပရိသတ်တွေ မြင်ချင်နေတဲ့ ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်၊ မာစီယယ်လ် နဲ့ ကာဗာနီ တို့နဲ့ လူစုံပွဲထွက်လာခဲ့ပြီး ဒီပွဲကို အနိုင်ရဖို့ ဆိုးလ်ရှား တကယ် အာရုံစိုက်ထားခဲ့တယ်ဆိုတာ သိသာခဲ့ပါတယ်။ ချန်ပီယံလိဂ် အုပ်စုကနေ ကျွတ်ဖို့ ဒီပွဲရဲ့ အနိုင် ၃ မှတ်က မဖြစ်မနေ အရေးပါခဲ့ပြီး ယူနိုက်တက်ရဲ့ တိုက်စစ်စီးဆင်းမှုတွေ မြိုင်ဆိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ အိုလေလိုချင်တဲ့အတိုင်း အခွင့်အရေးတွေကို အပိုင်ယူနိုင်တဲ့ အသင်းကစားဟန်မျိုးကိုလည်း မြင်ခဲ့ရတယ်လို့ မှတ်ချက်ချရမှာပါ။

အထောင်တိုက်စစ်မှူး စစ်စစ် ကာဗာနီ
ယူနိုက်တက်မှာ အဓိကလစ်ဟာနေတဲ့ ဒေါင်ဒေါင်မြည် အထောင်တိုက်စစ်မှူးနေရာကို ကမ္ဘာ့အဆင့် ခြေစွမ်းနဲ့ ကာဗာနီက ကွက်လပ်ဖြည့်ပေးနိုင်ခဲ့တာကို တွေ့ရပြီး ထုံအနေတဲ့ အထောင် တိုက်စစ်နေရာဟာ အသက်ဝင်လာခဲ့ကာ ပြိုင်ဘက်ခံစစ်အတွက် အန္တရာယ်ကြီးတဲ့ အသွင်အဖြစ် ရောက်ရှိလာခဲ့သလို ယူနိုက်တက်ရဲ့ လာမယ့်ပွဲတွေမှာ တိုက်စစ်ပိုင်းကို ကာဗာနီ အခုထက် ပိုလှုပ်နှိုးပေးဖို့သာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေဆဲ မာစီယယ်လ်
သူ့ရဲ့ အရည်အချင်းကို သံသယဖြစ်စရာ မလိုပေမယ့် ဒီရာသီမှာ နှစ်ဂိုးသာ ရထားတဲ့ မာစီယယ်လ်က ပထမပိုင်း တပိုင်းလုံးမှာ ဂိုးသွင်းယူဖို့ ခက်ခဲနေဆဲ အနေအထားဖြစ်နေသလို တသင်းလုံး မြိုင်မြိုင်ဆိုင်ဆိုင် နိုးထခဲ့ချိန်မှာတောင် ခြေစွမ်းပြဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ယုံကြည်မှုပျောက်ဆုံးနေတဲ့ အရိပ်အယောင်တွေကို မြင်ခဲ့ရတယ်။ သူ့ရဲ့ ခြေစွမ်းကျဆင်းမှုကို အိုလေတယောက် အမြန်ဆုံး ရပ်တန့်ပေးဖို့ လိုနေပါပြီ။

ဘောလုံးဉာဏ်ရည်နဲ့ စည်းစနစ်ကျမှုရှိတဲ့ ဒွန်နီ
တိုက်စစ်ဖန်တီးမှုပြုလုပ်ဖို့ နဲ့ တွဲလုံး၊ အချိတ်အဆက်တွေနဲ့ တိုက်စစ်ပုံဖော်ပြီး အသင်းဖော်တွေကို လမ်းကြောင်းတွေ ခင်းပေးဖို့သာ အားသန်တဲ့ ဒွန်နီလို ကစားသမားမျိုးကို ဆိုးလ်ရှားက ကွင်းလယ်အထိုင်နေရာမှာ အသုံးပြုခဲ့ပေမယ့် ဒွန်နီက သူ့ရဲ့ ဘောလုံးဉာဏ်ရည်နဲ့ စည်းစနစ်ရှိရှိနဲ့ ကစားနိုင်စွမ်းကို ပြသလာခဲ့ပါတယ်။ တိုက်စစ်ကို အလွန်အကျွံမလိုက်သလို ဖာနန်ဒက်စ်နဲ့ နေရာတွေ မထပ်အောင် ကစားပေးနိုင်ခဲ့ပြီး သူ့ရဲ့အကောင်းဆုံးပုံစံ မဟုတ်ခဲ့ပေမယ့် ဘယ်လိုဖြစ်ဖြစ် ရှားပါးတဲ့ ပွဲထွက်ခွင့်ကို ရရှိခဲ့ပြီမို့ ရှေ့ပွဲတွေမှာ အခုထက်ပိုပြီး ကစားခွင့်ရလာဖို့ ရှိနေပါတယ်။

ပေါက်ကွဲအားပြင်းတဲ့ ရက်ရှ်ဖို့ဒ်
ရက်ရှ်ဖို့ဒ်က သူ့ရဲ့ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းပြီး ပေါက်ကွဲအားပြင်းတဲ့ တိုက်စစ်ကစားပုံနဲ့ မွှေနှောက်ကစားသွားခဲ့သလို ပင်နယ်တီဂိုးကို အတည်ငြိမ်ဆုံး ကန်သွင်းပြီး ယူနိုက်တက်ရဲ့ အိမ်ကွင်းနိုင်ပွဲနဲ့ အနိုင် ၃ မှတ်ကို စိတ်ချစေခဲ့ကာ ဝိန်းရွန်နီရဲ့ စံချိန်ကိုကျော်ဖြတ်ပြီး ယူနိုက်တက်အတွက် ဥရောပသွင်းဂိုး ၁၅ ဂိုးပြည့်မြောက်ခဲ့တဲ့ အငယ်ရွယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲကို လွဲချော်မယ့် တွမ်ဇီဘီ
လင်ဒလော့ဖ်နေရာမှာ လူစားဝင်လာခဲ့တဲ့ တွမ်ဇီဘီဟာ ချန်ပီယံလိဂ်မှာ အဝါကတ် ၃ ကတ် ပြည့်မြောက်သွားခဲ့လို့ လာမယ့် ပီအက်စ်ဂျီနဲ့ပွဲကို လွဲချော်ရမှာ ဖြစ်ပါတယ်။ အမ်ဘောပေ နဲ့ နေမာတို့ကို အကောင်းဆုံးထိန်းချုပ်ပြခဲ့တဲ့ တွမ်ဇီဘီ
မပါဝင်လာမှုမှာ ယူနိုက်တက်တို့ရဲ့ ခံစစ်ပိုင်းအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲ ကြည့်သွားရမှာပါ။

REF: MIRROR and United Official
PHOTOS CREDIT TO OWNERS
SPORTS A2Z.