Bundesliga Match Report

မိုင့်ဇ်ယူပေးတဲ့ ဖလားနဲ့ ဒေါ့မွန်ကို ကျော်ဖြတ်ပြီး ဘိုင်ယန်နဲ့ အောင်ပွဲခံတဲ့ တူဟယ်လ်

ဘွန်ဒက်စ်လီဂါရဲ့ အပိတ်ပွဲစဉ်ကတော့ အလှည့်အပြောင်းတွေ များခဲ့ပြီး ဒရာမာဆန်ခဲ့သလို ပွဲချိန်နောက်ဆုံးမိနစ်တွေမှာ သွင်းဂိုးတွေနဲ့ ရလဒ်တွေက စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ အသင်းဟောင်း မိုင့်ဇ်ရဲ့ ကောင်းမှုနဲ့ သောမတ်စ် တူဟယ်လ်တစ်ယောက် ဘိုင်ယန်မြူးနစ်မှာ မျက်နှာ မပျက်ရဘဲ ဖလားမြှောက်နိုင်ခဲ့တာကတော့ ကံကြမ္မာရဲ့ ကျီစားချက်ဖြစ်ခဲ့ရပါတယ်။

ဘိုင်ယန်တို့ ပွဲချိန် ၈ မိနစ်မှာ ကိုလုံးကို ကိုမွန်ရဲ့ ဂိုးနဲ့ ဦးဆောင်နေခဲ့ချိန်မှာ တူဟယ်လ်ရဲ့ အသင်းဟောင်း မိုင့်ဇ်တို့အနေနဲ့ အထက်မရောက် အောက်မရောက်၊ ဘာမျှော်လင့်ချက်မှ ရှိမနေတာတောင်မှ ဒေါ့မွန်တို့ရဲ့ ဆစ်ဂနယ် အီဒူနာကွင်းမှာ သရဲမရဲစီးသလို ကန်သွားခဲ့ပြီး ပွဲချိန် ၁၅ မိနစ်နဲ့ ၂၄ မိနစ်တွေမှာ ဟန့်ချ်-အော်လ်ဆန်နဲ့ အိုနီဆီဝိုတို့က နှစ်ဂိုးဆက်တိုက်သွင်းခဲ့တာကြောင့် အဲလား ပင်နယ်တီ မဝင်တဲ့ အဝါရောင်တွေ ငုတ်တုတ်မေ့ခဲ့ရတာပါ။

ပထမပိုင်းမှာ ဘိုင်ယန်တို့က Live Table Result အရ ၇၁ မှတ်နဲ့ ဦးဆောင်နေခဲ့ပြီး ဒေါ့မွန်တို့ကတော့ ရမှတ် ၇၀ နဲ့ နောက်က လိုက်နေခဲ့ရသလို အဓိက ကွင်းလယ်လူ ဘယ်လင်ဂမ်ကို လိုင်းနပ်ထဲ မထည့်ခဲ့တာက နည်းပြ တာဇစ်ချ်ရဲ့ ကြီးမားတဲ့ အမှားလည်းဖြစ်ခဲ့ပြီး အဒီယီမီပါ နာသွားခဲ့လို့ ဘိုးတော် မာကို ရွိုက်စ်ကို ထည့်ပြီး အားကိုးခဲ့ရသလို မူကိုကို၊ ရေးနား၊ မိုဒက်စ်တေတို့လို တိုက်စစ်သမားတွေကိုပါ ထည့်သွင်းသွားခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာ ကွင်းလယ်လူ ဂွါရဲရိုးက ဒေါ့မွန်အတွက် ချေပဂိုးသွင်းခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာတော့ ကိုလုံးတို့အတွက် လျှူဘီချစ်ချ်က ပင်နယ်တီကနေ ဂိုးပြန်ရှာသွားခဲ့လို့ တစ်ဂိုးစီ သရေဖြစ်နေခဲ့တာကြောင့် ဒေါ့မွန် ၇၀၊ ဘိုင်ယန် ၆၉ ဖြစ်နေခဲ့တာကြောင့် ရလဒ်အပြောင်းအလဲက ကြီးမားခဲ့ပြန်တာပါ။

ဒါပေမယ့် ပွဲချိန် ၈၉ မိနစ်မှာတော့ အသင်းငယ် ကိုလုံးကိုတောင် မနိုင်ရင် အပြောခံရနိုင်တဲ့ ဘိုင်ယန်တို့အတွက် မူစီယာလာက အနိုင်ဂိုး ပြန်ရှာနိုင်ခဲ့လို့ ဘိုင်ယန်တို့ ၇၁ မှတ်ဖြစ်သွားခဲ့ပြီး အောင်ပွဲခံဖို့ စောင့်ဆိုင်းနေခဲ့ရချိန်မှာ ဒေါ့မွန်တို့ကတော့ နာကျင်အချိန်ပို ၆ မိနစ်မှာမှ နောက်ခံလူ ဆူးလားက တစ်ဂိုးသွင်းနိုင်ခဲ့လို့ နှစ်ဂိုးစီသရေနဲ့ ၇၁ မှတ်ဖြစ်သွားခဲ့ပါတယ်။

စာရင်းချုပ်လိုက်ချိန်မှာတော့ ဘိုင်ယန်တို့ရဲ့ ဂိုးကွာခြားချက် ၅၄ ဂိုးနဲ့ ဒေါ့မွန်တို့ရဲ့ ၃၉ ဂိုးက ဘာမှ မဆိုင်တော့တာကြောင့် ဂိုးကွာခြားချက်နဲ့ ဘာဗေးရီးယားသားတွေ အဆင့် ၁ နေရာကို သိမ်းပိုက်သွားခဲ့ပြီး နည်းပြ တူဟယ်လ်တစ်ယောက်ကတော့ နောက်ဆုံးအချိန်မှာမှ နတ်ပြည်တက်နိုင်ခဲ့သလို အဖျားရှူးတဲ့ ဒေါ့မွန်တို့ကတော့ ကြေကွဲခဲ့ရတာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.