Match Report Premier League

မန်စီးတီးကို ခါးတောင်းကျိုက်မဖြုတ်နဲ့လို့ ငှက်ကျားသားစားပြီး သတိပေးတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာလည်း လိပ်နဲ့ ခရုကို ပေါင်းစပ်ပြီး ခဲဆွဲထားတဲ့ ဟိုးလ်ဒင်းအစား ကီဗီယာကို ဆက်လက်သုံးစွဲခဲ့သလို ကျန်တဲ့ ပွဲထွက်ကစားသမားတွေထဲကတော့ အားလုံးနီးပါး ပါဝင်လာခဲ့ပြီး ထရော့ဆတ်နဲ့ ပါတေးတို့ကိုတော့ အရန်ခုံမှာထားခဲ့သလို ဂျော်ဂျင်ညိုက ကွင်းလယ်နဲ့ ဂျေဆူးစ်က တိုက်စစ်ကို ဦးဆောင်လာခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ်နည်းပြ အက်ဒီဟောင်းကလည်း အာတီတာလမ်းစဉ်ပဲ လိုက်နေခဲ့ပြီး သူ့ရဲ့ ပထမ ၁၁ ယောက်ကို အပြောင်းအလဲ အများဆုံး တစ်နေရာလောက်သာ လုပ်ခဲ့သလို ကွင်းလယ်က လိုက်အားဖျက်အားနဲ့ ညာခြမ်းက ထရစ်ပီယာ၊ မာဖီတို့ရဲ့ ပံ့ပိုးမှုမှာ အီဆက်ခ်နဲ့ ဝီလ်ဆန်တို့ရဲ့ ဘယ်ခြမ်း အခြေပြု တိုက်စစ်နဲ့ အိမ်ကွင်းမှာ အာဆင်နယ်ကို ရင်ဆိုင်ခဲ့တာပါ။

ပွဲကို အာဆင်နယ်တို့အနေနဲ့ ပါးပါးနပ်နပ် ကိုင်တွယ်သွားနိုင်ခဲ့ပြီး ပွဲချိန် ၂ မိနစ်မှာပဲ မာဖီရဲ့ ကန်ချက် တိုင်ထိခဲ့သလို ပွဲချိန် ၇ မိနစ်မှာတော့ အာဆင်နယ်ဆို နှိပ်ကွပ်ဖို့ ချောင်းနေတဲ့ မန်ချက်စတာသားလေး ကာဗန်းနားရဲ့ ပင်နယ်တီပေးမှုကို VAR ပြန်ကြည့်ရာမှာတော့ ဘရူနို ဂီမာရိုင်းစ်ရဲ့ ကန်ချက်က ကီဗီယာရဲ့ လက်နဲ့ မထိကြောင်း တွေ့ခဲ့ရတာဖြစ်လို့ အာဆင်နယ်တို့ ကံကောင်းသွားခဲ့ပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဖရီးကစ်ကနေ ပြန်ကျလာတာကို ဆာကာက အတွင်းကို ပြန်ပေးရာမှာ ဂျော်ဂျင်ညိုက ထပ်မံခင်းပေးခဲ့တာကို အော်ဒီဂွါဒ်က ဧရိယာထိပ်ကနေ အနိမ့်ဘော ကန်သွင်းပြီး ဘော့တ်မန်ကြောင့် မြင်ကွင်းပိတ်နေတဲ့ နယူးကာဆယ်လ်ဂိုးသမား နစ်ခ်ပုပ်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ မာတီနယ်လီနဲ့ ဆာကာတို့က အခွင့်အရေးကောင်းတွေကို ဂိုးသမားတည့်တည့်ပဲ ကန်ခဲ့ကြသလို အီဆက်ခ်ရဲ့ အနိမ့်ဘော ကန်ချက်ကိုတော့ ရမ်းစ်ဒေးလ်က ထိုင်ချကာကွယ်သွားနိုင်ခဲ့ပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ အော်ဒီဂွါဒ်တစ်ယောက် နောက်တစ်ဂိုး ရရမယ့်အစား ခြေတစ်လှမ်း ပိုလှမ်းခဲ့မိလို့ ကန်ချက်က ဂိုးသမားဆီပဲ ရောက်ပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ နယူးကာဆယ်လ်တို့ ပိုတင်ကစားလာခဲ့တဲ့အတွက် အာဆင်နယ်တို့ ခံစစ်မှာပဲ ထိန်းချုပ်သွားခဲ့ရပြီး ဒူးချောင်နေတဲ့ ဇင်ချန်ကိုကြောင့် ဂိုးပြန်ပေးရဖို့ နီးစပ်ခဲ့သလို အီဆက်ခ်ရဲ့ ခေါင်းတိုက်ချက် တိုင်ထိခဲ့ပြီး ဖရီးကစ်ကနေ ရှားရဲ့ ခေါင်းတိုက်ချက်ကလည်း ရမ်းစ်ဒေးလ် တည့်တည့်ကို ရောက်သွားခဲ့လို့ အိမ်ရှင်တွေ စိတ်ပျက်ခဲ့ရသလို ဧည့်သည်တွေ အသက်ရှူချောင်ခဲ့ရပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ မာတီနယ်လီရဲ့ ဧရိယာထဲမှာ မျက်လှည့်ပြတဲ့ ကန်ချက်က ဘားထိထွက်ခဲ့လို့ အိမ်ရှင်တွေ သက်သာခဲ့ရပြီး ပွဲချိန် ၇၁ မိနစ်မှာတော့ ဘယ်ခြမ်းကနေ မာတီနယ်လီကပဲ တန်ပြန်တိုက်စစ်ကနေ အော်ဒီဂွါဒ်အတွက် ခူးပြီးခပ်ပြီး ဖန်တီးပေးဖို့ ကြိုးစားရာမှာ ကြားဖြတ်တားဆီးတဲ့ ရှားက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သလို နော်ဝေကပ္ပတိန်အတွက်တော့ အပိုင်တစ်ဂိုး နစ်နာခဲ့ရပြီး နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ အာဆင်နယ်တို့ပဲ ပွဲကို ပါးပါးနပ်နပ်နဲ့ ကိုင်တွယ်သွားခဲ့ကြပြီး ရှေ့က သရေကျခဲ့ရလို့ အမှတ်ဆုံးရတဲ့ ပွဲတွေမှာ ဒီလိုကစားပါလား၊ ဟိုးလ်ဒင်း မထည့်ဘဲ ကီဗီယာနဲ့ ကစားခဲ့ပါလားလို့ မချင့်မရဲဖြစ်စေခဲ့ရသလို ၃၅ ပွဲ ကစားအပြီးမှာ ရမှတ် ၈၁ မှတ်နဲ့ ဇယားထိပ်က မန်စီးတီးတို့ကို ပန်းမဝင် တက်မထောင်ဘဲ ခါးတောင်းကျိုက် မဖြုတ်လိုက်နဲ့ဦးလို့ သတိလည်းပေး ဖိအားလည်းပေးနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.