Match Report Premier League

ကျောရိုးမရှိတဲ့ ရေခူ Jelly Fish တွေနဲ့ အိမ်ကွင်းမှာ ဟိုအကောင်ဖြစ်သွားတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းဒေးလ်၊ ခံစစ်မှာ ဟိုးလ်ဒင်း၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ဖာဘီယို ဗီယာရာနဲ့ အော်ဒီဂွါဒ်တို့ကို ပွဲထုတ်လာခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းမှာတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ဘယ်လာ-ကော့ချက်ပ်၊ ဘက်ဒ်နာရက်ခ်၊ ဝေါ်လ်ကာ-ပီတာစ်နဲ့ ပေရိုတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဝါ့ဒ်-ပရောက်စ်၊ လာဗီယာ၊ အယ်လ်ယူနူစီနဲ့ အယ်လ်ကာရက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဝဲလ်ကော့နဲ့ အမ်းစ်ထရောင်းတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲစစချင်း ၁ မိနစ်မှာပဲ ဆောက်သမ်တန်တို့ ဂိုးသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ရဲ့ ရူးနေသလားလို့ မေးပြီး စိတ်ကျန်းမာရေး စစ်ဆေးသင့်နေတဲ့ ပေးပို့မှုကြောင့် ပရိသတ်အားလုံး ဒေါသထွက်ခဲ့ရချိန်မှာ ဧည့်သည်ကွင်းလယ်ကစားသမား အယ်လ်ကာရက်ဇ်က ဧရိယာထိပ်ကနေ ဂိုးထဲ တိုက်ရိုက်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားတွေရော နည်းပြမှာပါ ဖိအားတွေကို ခံနိုင်ဖို့ လုံလောက်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု မရှိခဲ့ဘဲ ကွင်းလယ်မှာ ချာကာ ဖျားနေလို့ မပါနိုင်ချိန်မှာ ဘောလုံးရပ်တောင်းနေတဲ့ ဖာဘီယို ဗီယာရာကို ထည့်ပြီး သူ့အစား ဝါရင့် ဂျော်ဂျင်ညိုကို မသုံးရဲတာကလည်း ရုပ်ပေါက်လွန်းပြီး သူတို့တွေအနေနဲ့ ဆောင်းရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားတွေဟာ ဘာမှ မဟုတ်ဘဲ ပရိသတ် အဆဲမခံရရုံ ဂျင်းထည့်ထားတာဖြစ်ကြောင်းလည်း ပေါ်လွင်ခဲ့တာပါ။

ဘောလုံးကို ဘယ်နေရာကို အကောင်းဆုံး ရွေးချယ်မှုအဖြစ် ပေးပို့ရမယ်ဆိုတာ ဆုံးဖြတ်နိုင်ခြင်း မရှိတဲ့ ဟိုးလ်ဒင်း၊ ဗီယာရာ၊ ပါတေးတို့လို ကစားသမားတွေကို အထိုင်ချထားတဲ့ ကစားကွက် တည်ဆောက်မှုက ကျောရိုးရှိမရှိကို ပြောရရင် ရေခူတစ်ကောင်ကို မြင်နေရတာနဲ့တူခဲ့ပြီး တစ်နေရာနဲ့ တစ်နေရာကို ဘောလုံးတစ်ခါပေးရင် တစ်မိနစ်လောက် ကြာခဲ့တဲ့ အသင်းမှာ စိတ်မြန်ကိုယ်မြန် လုပ်ဆောင်နိုင်မှု Urgency လည်း ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာတော့ ဆောက်သမ်တန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ပါတေးရဲ့ ပေါတောတော ဘောလုံးပျက်တာကို ကိုယ်တိုင်ပြန်ရယူအပြီး အကျပ်ထဲ ပြန်ပေးရာမှာ အော်ဒီဂွါဒ်က သူများအသင်းဘက်ကို ပေးခဲ့ပြီး ဧည့်သည်တွေ ကွင်းလယ်ကနေ ရသွားတဲ့ အယ်လ်ကာရက်ဇ်က ဧရိယာထဲကို ခင်းပေးရာမှာ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဝဲလ်ကော့က အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာပါ။

ဂိုးသမား ရမ်းစ်ဒေးလ်ကတော့ ဒီအလုံးမှာ စောစောစီးစီး ရှေ့ထွက်တားသင့်ပေမယ့် ယုံကြည်မှု ပျောက်ဆုံးနေခဲ့ပြီဖြစ်သလို သူ့ကို မထိရဲမတို့ရဲ နည်းပြ အာတီတာအတွက်တော့ မျက်နှာပျက်စရာလည်းဖြစ်ခဲ့ပြီး အသင်းကို အော်နိုင်ဟစ်နိုင်ခြင်း မရှိတဲ့ ချာကာလို ကစားသမား မပါခဲ့ချိန်မှာ ဇင်ချန်ကိုနဲ့ အော်ဒီဂွါဒ်တို့ကို ဘယ်လောက် Role တင်ပေးထားထား အလကားပဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ အာဆင်နယ်တို့ ချေပဂိုးတစ်ဂိုး ပြန်သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဆာကာရဲ့ ညာခြမ်းကနေ တစ်ကိုယ်တော် ထိုးဖောက်ပြီး ဂိုးစည်းနားကနေ ဖြတ်တင်ပေးတာကို မာတီနယ်လီက ဂိုးရှေ့က အလျင်အမြန် မြေမကျ ကန်သွင်းယူခဲ့ရာမှာ ပိတ်ကစားနေတဲ့ ဧည့်သည် ဆောက်သမ်တန်တို့ ခံလိုက်ရတာပါ။

ပထမပိုင်းမှာ နှစ်ဂိုးစီသရေရလဒ်ကို ပြန်ယူထားသင့်တယ်ဆိုတာ ဒီနေ့မှ ဘောလုံးပွဲ စကြည့်တဲ့ ကလေးတောင် နားလည်ပေမယ့် အာဆင်နယ် ကစားသမားတွေကတော့ လိုအပ်တဲ့ Urgency မရှိသလို ရိုးအီနေပြီး လေးလံလွန်းတဲ့ ပေးပို့မှုတွေနဲ့ ကစားနေခဲ့လို့ တစ်ဖက်ဂိုးသမား အပါဝင် ကစားသမားတွေရဲ့ အချိန်ဆွဲခြင်းကိုပါ ခံခဲ့ရပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ၄၅ မိနစ်နဲ့ နာကျင်အချိန်ပို ၈ မိနစ်က ကုန်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာ ဆောက်သမ်တန်တို့ဘက်က အယ်လ်ကာရက်ဇ်အစား လီယန်ကို,ကို ထည့်သွင်းပြီး ပိတ်ကစားခဲ့သလို အာဆင်နယ်နည်းပြ အာတီတာကတော့ စုတ်ပြတ်သတ်နေတာမှ သူတောင်းစားက အဘခေါ်ရမယ့် ဖာဘီယို ဗီယာရာကို ကွင်းထဲ ခြေပြန်ချခိုင်းခဲ့သေးတာကတော့ တော်တော့်ကို စိတ်ပျက်စရာ စီမံခန့်ခွဲမှုဖြစ်ခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာမှ သူ့အစား ထရော့ဆတ်ကို ထည့်သွင်းခဲ့တာပါ။

ဒါပေမယ့် အာတီတာအနေနဲ့ ထရော့ဆတ်ကို လူစားလဲပြီး ဘယ်လိုအသုံးပြုရမယ်ဆိုတာကို ပလန်မရှိဘဲ ကွင်းထဲ ထည့်လိုက်တာဖြစ်ပြီး အလယ်ကြောမှာ Mezzala အဖြစ် အော်ဒီဂွါဒ်နဲ့ မာတီနယ်လီတို့ကြား ချိတ်ဆက်ပေးဖို့ ကွင်းလယ်လူအဖြစ် သုံးရမယ့်အစား တောင်ပံတွေမှာ အနေများခဲ့တဲ့ ဘယ်လ်ဂျီယမ်သားရဲ့ နေရာယူပုံက အသင်းကို ထူးထူးခြားခြားတော့ အကျိုးမပြုနိုင်ဘဲဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဆောက်သမ်တန်တို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ စိတ်မပါလက်မပါ ကစားနေတဲ့ အာဆင်နယ်ဘယ်ခြမ်းခံစစ်က ထောင့်ကန်ဘော ပေးခဲ့တာကို ဝါ့ဒ်-ပရောက်စ်က ကန်တင်ပေးရာမှာ ဘယ်လာ-ကော့ချက်ပ်က ခဲဆွဲထားတဲ့ ဟိုးလ်ဒင်းရဲ့ ရှေ့ကနေ ခေါင်းတိုက်ချပေးရာမှာ အဝေးတိုင်ဘက်က နေရာယူထားတဲ့ ချာလက်တာ-ဆာက ထပ်ဆင့်ခေါင်းတိုက်သွင်းခဲ့တာပါ။

ဒီတော့မှပဲ အာဆင်နယ်တို့ ဟိုအတန်း မီးလောင်သလိုဖြစ်သွားခဲ့ကြပြီး စဆရက ဇင်ချန်ကိုရဲ့ နေရာမှာ နကီးတီးယားကို ထည့်ပြီး ဂိုးရှေ့မှာ သွားရပ်ခိုင်းထားခဲ့သလို ဟိုးလ်ဒင်းတစ်ယောက်တည်းကို နောက်မှာ ထားပြီး တစ်သင်းလုံး တိုက်စစ်ဆင်ခဲ့ကြတဲ့နောက် ဂျေဆူးစ်ကတော့ ထိရင် ဝင်နေရမယ့် ပိတ်သွင်းမှုမျိုးတွေကို လာကာဇက်ပုံစံနဲ့ လွဲခဲ့သေးတာကြောင့် အာတီတာအနေနဲ့ မာတီနယ်လီအစား နယ်လ်ဆန်ကို ထပ်ထည့်ပြီး ဖိအားပေးလာခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်တွဲလုံးကနေ ဘန်ဝှိုက်နဲ့ ဧရိယာအစပ်မှာ အပေးအယူလုပ်လာခဲ့တဲ့ အသင်းခေါင်းဆောင် အော်ဒီဂွါဒ်က အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းယူခဲ့ရာမှာ ညစ်ကျယ်ကျယ် လုပ်နေတဲ့ ဂိုးသမား ဘာဇူးနူး မမီလိုက်ဘဲ ဂိုးပေးခဲ့ရတာပါ။

ပွဲချိန် မိနစ် ၉၀ မှာတော့ သရေကျစေမယ့် တတိယဂိုးကို အာဆင်နယ်တို့ သွင်းယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဂျေဆူးစ်က ဧရိယာထဲမှာ တားပေးတာကို နယ်လ်ဆန် ကန်သွင်းခဲ့ရာမှာ ဂိုးသမား ပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဆာကာက ဘယ်လာ-ကော့ချက်ပ်ရဲ့ ခြေကြားထဲက ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာ နာကျင်အချိန်ပို ၈ မိနစ်အထိ သတ်မှတ်ပေးခဲ့ပေမယ့် ထရော့ဆတ်ရဲ့ ကန်ချက် ဘားထိထွက်ခဲ့သလို ပါတေးနဲ့ ဟိုးလ်ဒင်းတို့လို တုံးအလွန်းပြီး သွေးမအေး စိတ်မနိုင်တဲ့ ကစားသမားတွေကြောင့် တိုက်စစ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဂိုးရအောင် ကြိုးစားနိုင်ခြင်း မရှိတော့ဘဲ ဆောက်သမ်တန်တို့ရဲ့ အချိန်ဆွဲမှုနဲ့အတူ ကျဆုံးခဲ့ရပြီး အိမ်ကွင်းမှာ အာဆင်နယ်တို့ သရေသာ ရယူနိုင်ခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် နှစ်ပွဲပိုကစားပြီး ငါးမှတ်သာ ကွာဟတော့တာဖြစ်လို့ မန်စီးတီးရေ လာပါ၊ ချန်ပီယံဆုယူပါလို့ ပြောရမယ့် အနေအထားက ပိုမိုသိသာသွားခဲ့ပြီး အစ်တီဟတ်မှာ အနိုင်မယူနိုင်ခဲ့ဘူးဆိုရင် ကျန်တဲ့ ပွဲတွေမှာ လက်ရှိချန်ပီယံတွေ ခြေချော်အောင် အုန်းပွဲငှက်ပျောပွဲ၊ ရေချမ်းသက်စေ့၊ ပန်းသက်စေ့နဲ့ ဆုတောင်းရဖို့ပဲ ရှိတော့ပြီး စိတ်ဓာတ်ခွန်အားနည်းလွန်းတဲ့ အာဆင်နယ်တို့အနေနဲ့ ဘာဆို ဘာနဲ့မှ မထိုက်တန်သေးကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.