Ligue1

မက်ဆီကို အပြောင်းအရွှေ့အတွက် အံ့အားသင့်ဖွယ်အကြံပေးခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့်ဟောင်း

အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟောင်း ဒီယေဂို ဗလယ်ရီက ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို မေဂျာလိဂ်မှာ ကစားတာ မြင်ချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ပီအက်စ်ဂျီမှာ အနာဂတ်မရေရာမသေချာမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင်ဟာ အလွတ်နဲ့ ထွက်ခွာဖွယ်ရှိနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားချန်ပီယံဟာ လီဂူးဝမ်းချန်ပီယံတွေကို စွန့်ခွာခဲ့မယ်ဆိုရင် ရွေးချယ်စရာက အများအပြားရှိနေမှာ ကျိန်းသေပြီး အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက မကြာသေးမီက မက်ဆီဟာ အယ်လ်ဟီလာလ်အသင်းဆီကနေ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၄၀၀ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာကို ပြန်သွားဖို့က ဘလွန်ဒေါ ၇ ဆုရှင်အတွက် ရွေးချယ်စရာအဖြစ် ရှိနေတာဖြစ်ပြီး ကတ်တလန်ထိပ်သီးအသင်းကြီးကလည်း ၂၀၂၁ ခုနှစ်တုန်းက ဘဏ္ဍာရေးအကြပ်အတည်းတွေကြောင့် ထွက်ခွာခွင့်ပြုခဲ့ရတဲ့ ဂန္တဝင်ကစားသမားကို ပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ အမေရိကားကိုလည်း ပြောင်းရွှေ့နိုင်ခြေရှိနေပြီး အင်တာမိုင်ယာမီအသင်းက အာဂျင်တီးနားတိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောကြားထားတာ ဖြစ်ပါတယ်။ မေဂျာလိဂ်ကလပ်အသင်းဟာ ဘာစီလိုနာဂန္တဝင်ကို ဆော်ဒီ အာရေဗျကလပ်အသင်းက ကမ်းလှမ်းတဲ့ပမာဏအတိုင်း ကမ်းလှမ်းသွားဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ The Independent က ဖော်ပြခဲ့ပါတယ်။

ဗလယ်ရီက လက်ရှိမှာတော့ ယခုနွေရာသီမှာ မေဂျာလိဂ်က မက်ဆီအတွက် ပြီးပြည့်စုံတဲ့ အပြောင်းအရွှေ့ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟောင်းက ၎င်းအနေနဲ့ ဘလွန်ဒေါ ၇ ဆုရှင်ကို ယူအက်စ်အေကို ပြောင်းရွှေ့လာအောင် စည်းရုံးနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

“မေဂျာလိဂ်က သူ့ကို ဘဝ စီမံကိန်းတစ်ခု ကမ်းလှမ်းနိုင်ပါတယ်။ မေဂျာလိဂ်က ခင်ဗျားကို လမ်းကြောင်းတစ်ခုနဲ့ အဲဒီထက်ကျော်လွန်တဲ့ တစ်စုံတစ်ခုကို ကမ်းလှမ်းနိုင်ပါတယ်။ ဘဝစီမံကိန်းတစ်ခုပါ။ ကျွန်တော် သူ့ကို စည်းရုံးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။  သူ ရရှိတဲ့ ကမ်းလှမ်းမှုက ဘယ်လိုပဲ ဖြစ်ပါစေ ဆုံးဖြတ်ချက်က သူနဲ့ သူ့မိသားစုက ချမှတ်မှာပါ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.