La Liga Match Report Premier League UCL&UEL

ဆာဘစ်ဇာ မကယ်နိုင်အောင် OG နှစ်ယောက်ရှိနေလို့ မီးဖွားဖို့ စိတ်ချရပြီဖြစ်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ မာလာစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ဆာဘစ်ဇာတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အန်တိုနီ၊ ဆန်ချိုနဲ့ မာစီယယ်လ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် စပိန်ကလပ် ဆီဗီလာအသင်းကတော့ ဂိုးသမား ဘိုနို၊ ခံစစ်မှာ နီယန်ဇူး၊ မာကာအို၊ မွန်တီယယ်လ်နဲ့ အကူးညားတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဖာနန်ဒို၊ ဂူဒယ်လ်နဲ့ ရာကီတစ်ချ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အိုကမ်ပို့စ်၊ အိုလီဗာ တောရက်စ်နဲ့ လာမယ်လာတို့ကို တွဲဖက်ပေးခဲ့တာပါ။

ရက်ရှ်ဖို့ဒ် ဒဏ်ရာကြောင့် နားနေခဲ့ရလို့ ပွဲထွက်ခွင့်ရတဲ့ မာစီယယ်လ်ကတော့ ပြီးခဲ့တဲ့ နှစ်က သူအငှားနဲ့ သွားကစားတဲ့ ဆီဗီလာကို ပြန်လည် ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပြီး ပွဲစလို့ စက္ကန့် ၃၀ မှာပဲ ခပ်သွက်သွက် ကစားနေတဲ့ မန်ယူတို့အတွက် ဆန်ချိုက ဂိုးသွင်းခဲ့ပေမယ့် အနည်းငယ် လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ကာစီမီရိုနဲ့ အပေးအယူလုပ်ပြီး ရလာတဲ့ ဘရူနို ဖာနန်ဒက်စ်က ဧရိယာထဲကို လှမ်းခင်းပေးရာမှာ ဆီဗီလာခံစစ်ရဲ့ လူကျွံထောင်ချောက်ကို ပါးပါးနပ်နပ် ကျော်ဖြတ်သွားခဲ့တဲ့ ဆာဘစ်ဇာက ဘယ်ခြေနဲ့ မနားတမ်း ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာ ယူနိုက်တက်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို အဖွင့်ဂိုးနဲ့ တစ်ထပ်တည်းနီးပါး တူညီတဲ့ ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မာစီယယ်လ် ရယူပြီး ကွင်းလယ်ကနေ ဧရိယာထဲကို လှမ်းခင်းပေးရာမှာ ပထမဂိုးကလိုပဲ လူကျွံဘောဖမ်းတာ ညံ့တဲ့ ဆီဗီလာခံစစ်ကို အဲ့ဒီတုန်းကလိုပဲ ကျော်ဖြတ်ခဲ့တဲ့ ဆာဘစ်ဇာကပဲ တူညီတဲ့ ဘယ်ခြေကန်ချက်နဲ့ပဲ ဂိုးသမား ဘိုနိုကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ အန်တိုနီ ဖြတ်တင်ပေးတာကို ဘရူနို ဖာနန်ဒက်စ် ကန်ရာမှာ ဆီဗီလာခံစစ်နဲ့ ထိပြီး ဂိုးရှေ့ကို ကျလာတဲ့ ဘောလုံးကို ဆာဘစ်ဇာက ဟက်ထရစ်အဖြစ် သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဟန်ချက်ပျက်ပြီး အချိန်မီ အသုံးမချနိုင်ခဲ့လို့ ဧည့်သည်တွေ ခံစစ်က ရှင်းထုတ်သွားခဲ့တာကြောင့် ပထမပိုင်းမှာ ယူနိုက်တက်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ နှစ်ဂိုးအသာရထားတဲ့ မန်ယူတို့ သိုက်ဆရာကို လှေပေါ်တင်လာခဲ့ပြီး ဒဏ်ရာရှိနေတဲ့ ဗာရွန်းအစား မက်ဂွိုင်းယားနဲ့ လဲခဲ့သလို ဆီဗီလာတို့ ကတော့ ဖြတ်တင်ဘောတွေကို အားပြုဖို့ အိုလီဗာ တောရက်စ်အစား အရန်ခုံမှာ အနားပေးထားတဲ့ ကပ္ပတိန် ဟေဆူးစ် နာဗက်စ်ကို ထည့်သွင်းခဲ့ပြီး တိုက်စစ်ကို ပိုမိုအားပြုလာခဲ့ပါတယ်။

တိုက်စစ်ဖွင့်ကစားနေတဲ့ ဆီဗီလာတို့ကြောင့် မန်ယူတို့ အခွင့်အရေးရခဲ့ပေမယ့် တိုက်စစ်က အဆုံးသတ် မသေချာခဲ့သလို အိမ်ရှင်တွေဘက်က ဘရူနို ဖာနန်ဒက်စ်၊ မာစီယယ်လ်နဲ့ ဆန်ချိုတို့အစား အဲရစ်ဆန်၊ ဗက်ဂ်ဟော့စ်နဲ့ အီလန်ဂါတို့ ဝင်လာခဲ့ကြသလို ဧည့်သည်တွေဘက်ကတော့ လာမယ်လာ၊ နီယန်ဇူးနဲ့ မွန်တီယယ်လ်တို့အား အန်နက်ဆီရီ၊ ဆူဆိုနဲ့ ပါပု ဂိုမက်ဇ်တို့ကို ထည့်သွင်းခဲ့ကြတာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ မန်ယူတို့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပြီး ဆီဗီလာတို့ ချေပဂိုး စတင်ရရှိခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ တောက်လျှောက် ဖြတ်တင်နေခဲ့တဲ့ အသင်းခေါင်းဆောင် နာဗက်စ်ရဲ့ ဂိုးရှေ့ ဖြတ်ပို့ပေးတာကို တားဆီးခဲ့တဲ့ မာလာစီယာရဲ့ ပိတ်ဆို့မှုက ဂိုးသမား ဒဟေးယား ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို ဝင်သွားခဲ့တာကြောင့် အိမ်ရှင်တွေ ကံဆိုးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာ ဘယ်သူနဲ့မှ မထိဘဲ တစ်ယောက်တည်း လှုပ်ရှားနေရင်း ဒဏ်ရရသွားခဲ့တဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို သူ့ရဲ့ အာဂျင်တီးနား အသင်းဖော်တွေဖြစ်ကြတဲ့ အကူးညားနဲ့ မွန်တီယယ်လ်တို့က ချီပြီး ကွင်းထဲက ထုတ်ပေးခဲ့ရသလို အပြင်ရောက်တော့လည်း ထမ်းစင်နဲ့ သယ်ခဲ့ရတာကြောင့် ဗာရွန်းနဲ့ဆိုရင် ထိုးနှက်ချက်က ကြီးမားစေပြီး လူစားလဲစရာ ငါးယောက်ပြည့်သွားခဲ့လို့ အိမ်ရှင်တွေ ၁၀ ယောက်တည်းနဲ့ ဆက်ကစားခဲ့ရတာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဆီဗီလာတို့ပဲ ဒုတိယ ချေပဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ အိုကမ်ပို့စ် ဖြတ်တင်ပေးတာကို အန်နက်ဆီရီက ဂိုးရှေ့မှာ အမြင့်ဆုံးခုန်ပြီး ခေါင်းတိုက်ခဲ့ရာမှာ လူစားဝင်နောက်ခံလူ မက်ဂွိုင်းယားရဲ့ ခေါင်းကို မှန်ပြီး ဂိုးထဲ ဝင်သွားခဲ့လို့ မန်ယူခံစစ်က နှစ်ဂိုးဆက်တိုက် အုန်းမိခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ မရှုံးရင် နောက်တစ်ဆင့်တက်ပြီလို့ ကြိုတင်ကြုံးဝါးထားခဲ့ကြတဲ့ ဆီဗီလာတို့ သရေရလဒ်နဲ့ အခြေအနေကောင်းနိုင်ခဲ့သလို မန်ယူတို့ကတော့ ကိုယ့်ဂိုးကိုယ်သွင်းခဲ့ကြမှုနဲ့အတူ ဒုတိယ အကျော့မှာ ပွဲပယ်ခံရဦးမယ့် ဘရူနို ဖာနန်ဒက်စ်ကြောင့်လည်း စပိန်မြေ အဝေးကွင်းမှာ ရုန်းကန်ကြရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.