La Liga Match Report Premier League UCL&UEL

ချဲလ်ဆီးနဲ့ လမ်းပတ်တို့ ပိတ်ကစားခဲ့ပေမယ့် အိမ်ကွင်းမှာ ခေါ်ဖွင့်ပေးလိုက်တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ မီလီတို၊ အလာဘာ၊ ကာဗာဟယ်လ်နဲ့ ကာမာဗင်ဂါတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ တိုနီ ခရူးစ်၊ မိုဒရစ်ချ်နဲ့ ဗယ်လ်ဗာဒီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရိုဒရီဂို၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ကိုပဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ချဲလ်ဆီးတို့ကတော့ ဂိုးသမား ကီပါ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ကူလီဘေလီ၊ ဖိုဖာနာ၊ ရီးစ်ဂျိမ်းစ်နဲ့ ချေးလ်ဝဲလ်တို့ကို ပိတ်ဆို့ဖို့ နေရာချထားလာခဲ့ပြီး ကွင်းလယ်မှာတော့ ကွန်တေ၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ကိုဗာချစ်ချ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ စတာလင်နဲ့ ဂျာအို ဖဲလစ္စတို့ကို တွဲပေးခဲ့တာပါ။

လမ်းပတ်ရဲ့ ပွဲကို ချဉ်းကပ်ပုံက ရိုးရှင်းခဲ့သလို ယှဉ်ဖို့ မဖြစ်နိုင်တဲ့ ရီးရဲလ်တို့ကို အဝေးကွင်းမှာ ပိတ်ကစားဖို့ ဆုံးဖြတ်ခဲ့တာက ပွင့်လင်းရိုးသားတဲ့ အတွေးအခေါ်ဖြစ်ခဲ့ပြီး အိမ်ရှင်နည်းပြ အန်ချယ်လော့တီကတော့ ကွင်းလယ်မှာ အဖျက်တောင် မထားခဲ့သလို ခံစစ်ဗဟိုမှာတောင် တိုက်စစ်သန်တဲ့ မီလီတိုနဲ့ အလာဘာတို့ကို သုံးခဲ့တာက စွန့်စားမှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ ရီးရဲလ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ကာဗာဟယ်လ်က ချဲလ်ဆီးခံစစ်ပေါ်က ကျော်တင်ပေးလိုက်တဲ့ ဘောလုံးကို ဗီနီးရှပ်စ်က ဧရိယာထဲကို ပြေးဝင်ပြီး အနိမ့်ဘော ကန်သွင်းဖို့ ကြိုးစားရာမှာ ကီပါ လက်ဖျားနဲ့ ထိုးထုတ်နိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ ဘင်ဇီးမားက ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ဂိုးပေးပြီး တစ်မိနစ်အကြာမှာ တန်ပြန်တိုက်စစ်ကနေ စတာလင် ပိတ်သွင်းခဲ့ပေမယ့် ကူတွာ ပုတ်ထုတ်သွားနိုင်ခဲ့ပြီး ဘယ်ခြမ်းက တစ်ချိန်လုံး ဖောက်နေတဲ့ ဗီနီးရှပ်စ်ကတော့ ချဲလ်ဆီးခံစစ်ကို အနားမရအောင် ဒုက္ခပေးနေခဲ့သလို အဝေးကန်ချက်တွေကို ကီပါ ကာကွယ်သွားနိုင်ခဲ့လို့သာ ပထမပိုင်းမှာ တစ်ဂိုးထက် ပိုမပေးခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုနဲ့ ရီးရဲလ်ကို ရင်ဆိုင်နေကျ ဂျာအို ဖဲလစ္စရဲ့ ဦးဆောင်မှုနဲ့ ဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ကူတွာကို မကျော်ခဲ့သလို ကူလီဘေလီ ဒဏ်ရာရသွားလို့ ကူကူရဲလားနဲ့ လူလဲခဲ့ရပြီး မိုဒရစ်ချ်ရဲ့ ဂိုးဖြစ်သွားနိုင်တဲ့ အခွင့်အရေးကတော့ ဘားကျော်သွားခဲ့လို့ အိမ်ရှင်တွေ ဂိုးဖြတ်မထားနိုင်ခဲ့တာပါ။

ပွဲချိန် ၅၉ မိနစ်မှာတော့ ကွင်းလယ်က ဗယ်လ်ဗာဒီ တင်ပေးလိုက်တဲ့ ဘောလုံးကို ခံစစ်ကြားက ပြေးထွက်ရယူပြီး ဂိုးသွင်းနိုင်ဖို့ နီးစပ်နေတဲ့ ရိုဒရီဂိုကို နောက်ကနေ ဆွဲလှဲတဲ့ ချေးလ်ဝဲလ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ချဲလ်ဆီးတို့ ဆယ်ယောက်နဲ့ ကစားခဲ့ရပြီး ဧရိယာအစပ်မှာ ဖြစ်ခဲ့တာကြောင့် ပင်နယ်တီတော့ မပေးခဲ့ရဘဲ သက်သာသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ လမ်းပတ်ကတော့ ခံစစ်ကို ထိန်းဖို့ စတာလင်နဲ့ ဂျာအို ဖဲလစ္စတို့အစား ဟာဗတ်ဇ်နဲ့ ချာလိုဘာတို့ကို ထည့်သွင်းခဲ့ချိန်မှာ အိမ်ရှင်နည်းပြ အန်ချယ်လော့တီကတော့ အဝါထိထားတဲ့ ကာမာဗင်ဂါနဲ့ ရိုဒရီဂိုတို့အစား ရူဒီဂါနဲ့ အဆန်စီယိုတို့ကို ထည့်သွင်းသွားခဲ့ပြီး အလာဘာကို ဘယ်ခြမ်း ထွက်ကစားစေခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ ရီးရဲလ်တို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကို အတိုပေးပြီး ဘယ်ခြမ်းက ထိုးဖောက်လာခဲ့တဲ့ ဗီနီးရှပ်စ်က ဧရိယာထိပ်ကို ခင်းပေးရာမှာ လူစားဝင်ကစားသမား အဆန်စီယိုက ဘယ်ဘက်ထောင့်ကို အနိမ့်ဘော ကန်သွင်းမှုက သိပ်မကောင်းခဲ့ပေမယ့် ကီပါ အာရုံစိုက်မှု လျော့နည်းနေခဲ့လို့ မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာလည်း ရီးရဲလ်တို့ကပဲ ပွဲကို ထိန်းကစားသွားခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ ချန်ပီယံလိဂ်ရဲ့ ဆရာကြီးတွေက ပိတ်ကစားဖို့ ကြိုးစားတဲ့ ချဲလ်ဆီးတို့ကို နှစ်ဂိုးသွင်းပြီး ဖွင့်ပေးလိုက်သလို မက်ဒရစ်မြေက ပထမအကျော့မှာ အမှားအယွင်းမရှိ အနိုင်ယူသွားခဲ့တာကြောင့် လန်ဒန်မှာ ပြန်ကစားရမယ့် ပွဲကတော့ လမ်းပတ်တို့အဖွဲ့အတွက် ခက်ခဲတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.