La Liga Match Report

ဘင်ဇီးမား ဟက်ထရစ်နဲ့ ပေါက်ကွဲပြပြီး ဗယ်လာဒိုလစ်ကို ဝုန်းခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ အယ်ဒါ မီလီတို၊ အလာဘာ၊ ဗက်ဇ်ကေးဇ်နဲ့ ကာမာဗင်ဂါတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ချွာမင်နီနဲ့ တိုနီ ခရူးစ်တို့နှစ်ဦးကိုပဲ ထားခဲ့သလို တိုက်စစ်မှာတော့ ရိုဒရီဂို၊ အဆန်စီယို၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

ဧည့်သည် ဗယ်လာဒိုလစ်အသင်းကတော့ ဂိုးသမား ဆာဂျီယို အဆန်ဟို၊ ခံစစ်မှာ ဖာနန်ဒက်ဇ်၊ ဖရက်စ်နီဒါ၊ အယ်လ်ယာမစ်ခ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဟုန်ဂလာ၊ ရိုကေး မီဆာ၊ မွန်ချူ၊ လူးဝစ် ပီရက်ဇ်နဲ့ လူးကပ်စ် ရိုဆာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပလာတာနဲ့ ဆာဂျီယို လီယွန်တို့ကို ပွဲထုတ်လာခဲ့တာပါ။

ဘာနေဗျူးမှာ ဗယ်လာဒိုလစ်တို့အနေနဲ့ တတ်နိုင်သလောက် တုံ့ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေကတော့ သိပ်ပြီးမဟုတ်ခဲ့သလို နှစ်သင်းကြား အဆင့်အတန်းချင်း ကွာဟမှုကို ကောင်းကောင်းသိထားတဲ့ နည်းပြ အန်ချယ်လော့တီအနေနဲ့ ကွင်းလယ်အထိုင်မှာ နှစ်ဦးသာ ထားခဲ့ပြီး ဗဟိုခံစစ်သမား နှစ်ဦးကိုပဲ အသုံးပြုခဲ့သလို ကျန်တဲ့ ကစားသမားတွေကို တိုက်စစ်ကစားမယ့်သူတွေကိုပဲ ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာ ရီးရဲလ်တို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ချွာမင်နီ ပေးတာကို အဆန်စီယိုက တောက်လျှောက်ဆွဲပြေးလာပြီး ဧရိယာထိပ်ကို ရောက်မှ ညာခြမ်းကို ခင်းပေးခဲ့တဲ့ ဘောလုံးကို ရိုဒရီဂိုက အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းယူခဲ့လို့ အိမ်ရှင်တွေ ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၂၉ မိနစ်မှာတော့ ရီးရဲလ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ တစ်ကိုယ်တော်အစွမ်းနဲ့ ဗီနီးရှပ်စ်က လိမ်ခေါက်ပြီးမှ အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးရာမှာ ဂိုးသမား အဆန်ဟိုနဲ့ နောက်ခံလူ အယ်လ်ယာမစ်ခ်တို့ကြားက ကျလာတဲ့ ဘောလုံးကို ပြင်သစ်တိုက်စစ်မှူးက အနီးကပ် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာ တတိယဂိုးကို အိမ်ရှင်တွေပဲ ရှာဖွေသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုလည်း ဘင်ဇီးမားကပဲ သွင်းယူခဲ့တာဖြစ်သလို ကွင်းလယ် တွဲလုံးကနေ ရိုဒရီဂိုနဲ့ ဗီနီးရှပ်စ်တို့ ပေါင်းပြီး ဖန်တီးပေးတာကို ရီးရဲလ်အသင်းခေါင်းဆောင်က စိတ်ကြိုက်ဆွဲပြေးပြီးမှ ဧရိယာထိပ်ကနေ ညာဘက်ထောင့်ကို လှမ်းကန်သွားခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ ဘင်ဇီးမားကပဲ ခုနစ်မိနစ်နဲ့ ဟက်ထရစ် ပြည့်မြောက်သွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ တိုက်စစ်စတင်ခဲ့တဲ့ အဆန်စီယိုက သူနဲ့ တွဲဖက်မိနေတဲ့ ညာခြမ်းက ရိုဒရီဂိုဆီ ခင်းပေးရာမှာ ရိုဒရီဂိုက ဧရိယာထဲအထိ ဆွဲဝင်ပြီးမှ ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ ဘင်ဇီးမားက အနည်းငယ် ဟန်ချက်ပျက်နေခဲ့ပေမယ့်လည်း နောက်ပြန်ချိတ်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ရီးရဲလ်မက်ဒရစ်တို့က လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဘင်ဇီးမားရဲ့ ဟက်ထရစ်ကတော့ ရီးရဲလ်အသင်းသားဟောင်း ဖာနန်ဒို ဟီယာရိုရဲ့ ခြောက်မိနစ် ဟက်ထရစ်နောက်မှာ ဒုတိယအမြန်ဆုံး ဘာနေဗျူးဟက်ထရစ်ဖြစ်လာခဲ့သလို ဒုတိယပိုင်းအစမှာတော့ ဗယ်လာဒိုလစ်တို့က လူစားသုံးဦးအထိ လဲကစားလာခဲ့ပြီး အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားလာခဲ့တာပါ။

ရီးရဲလ်တို့ကတော့ ဘင်ဇီးမားကို ပွဲချိန် ၆၅ မိနစ်မှာ အနားပေးသွားခဲ့ပြီး ဟာဇတ်နဲ့ လဲသွားခဲ့သလို ဗီနီးရှပ်စ်နဲ့ အလာဘာတို့ နေရာတွေမှာလည်း စီဘာယော့စ်နဲ့ ဗာဟေယိုတို့ကို ထည့်ပြီး ဘာစီလိုနာနဲ့ ကစားရမယ့် ကိုပါဒဲလ်ရေးပွဲစဉ်အတွက် ပြန်လည်သိမ်းဆည်းသွားခဲ့ချိန်မှာ သုံးရက်တစ်ပွဲလောက် ကန်ရဖို့ ရှိနေတဲ့ ရှေ့ခရီးလမ်းကို နည်းပြ အန်ချယ်လော့တီက ကြိုတွေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ ရီးရဲလ်တို့ပဲ ပဉ္စမမြောက် အနိုင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဖန်တီးမှုတွေ ပြုလုပ်နေခဲ့တဲ့ အဆန်စီယိုက ပေးခွင့်မသာချိန်မှာ ဂိုးရှေ့အထိ ဘောလုံးဆက်ရလာခဲ့ပြီး ဘယ်ခြမ်းက ရိုဒရီဂိုကို ပေးရာမှာ ဘရာဇီးလ်သားက အတွင်းကို ပြန်ချပေးမှာ အဆန်စီယိုကပဲ လျှပ်တစ်ပြက် ကန်သွင်းယူခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဒါဇင်ဝက်ပြည့်စေမယ့် ပွဲသိမ်းဂိုးကို ရီးရဲလ်တို့ပဲ သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဗယ်လာဒိုလစ်ဂိုးသမား အဆန်ဟိုရဲ့ ရှင်းထုတ်မှုကို ကွင်းတစ်ဝက်လောက်မှာ ရသွားခဲ့တဲ့ ဟာဇတ်က ညာတောင်ပံကို ခင်းပေးခဲ့ရာမှာ ခံစစ်ကနေ ပြေးတက်လာတဲ့ နောက်ခံလူ ဗက်ဇ်ကေးဇ်က အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ရီးရဲလ်မက်ဒရစ်တို့က ဗယ်လာဒိုလစ်တို့ကို ခြောက်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဦးဆောင်သူ ဘာစီလိုနာတို့နဲ့ ကြားထဲက အကွာအဝေးကို ၁၂ မှတ်အထိ လျှော့ချနိုင်ခဲ့ပေမယ့် ၁၁ ပွဲသာ ကျန်တော့ချိန်မှာ အမှားခံတော့မှာ မဟုတ်တဲ့ ဦးဆောင်သူ ကာတာလန်သားတွေကြောင့် သင်္ချာနည်းအရသာ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားနိုင်ခဲ့ပေမယ့် ချန်ပီယံ ကာကွယ်ဖို့ကတော့ အခွင့်အလမ်း နည်းနေခဲ့ပါကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.