Ligue1

ဘဝပြောင်းသွားနိုင်တဲ့ စာချုပ်နဲ့ ကမ်းလှမ်းခြင်းခံခဲ့ရတဲ့ ရာမို့စ်

ပီအက်စ်ဂျီ ဝါရင့်နောက်ခံလူ ဆာဂီယို ရာမို့စ်ဟာ ဆော်ဒီ အာရေဗျကလပ် အယ်လ် ဟီလာလ်အသင်းဆီကနေ မျက်လုံးပြူးလောက်စရာ စာချုပ် ကမ်းလှမ်းခြင်း ခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စပိန်လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်မှာ ၁၅ နှစ်ကြာ ဆုဖလားအောင်မြင်မှုတွေ ပြည့်နှက်နေတဲ့ ကာလကို ကုန်ဆုံးခဲ့ပြီးနောက် ရာမို့စ်ဟာ ၂၀၂၁ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း ရာမို့စ်ဟာ ထိပ်တန်းအဆင့်မှာ စွမ်းဆောင်နိုင်ဆဲဖြစ်ပြီး အရှေ့အလယ်ပိုင်းကနေ ကမ်းလှမ်းမှုတွေကို ဆွဲဆောင်နိုင်တဲ့ ကစားသမားအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

L’Equipe ရဲ့ ဖော်ပြချက်အရ ဆော်ဒီ အာရေဗျကလပ် အယ်လ် ဟီလာလ်က ရာမို့စ်ကို ၂ နှစ်စာချုပ် ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပြီး စပိန်ဝါရင့်နောက်ခံလူကို ပီအက်စ်ဂျီမှာ လက်ရှိ ရရှိနေတဲ့ လုပ်ခလစာ ရဲ့ ၄ ဆနီးပါး ပိုမိုများပြားတဲ့ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၃၀ ဝန်းကျင် ကမ်းလှမ်းသွားချင်တဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။

အယ်လ် ဟီလာလ်အသင်းဟာ လက်ရှိမှာ ဆော်ဒီ ပရိုလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ယနေ့မှာ အယ်လ် ခါလိနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Sportsmail ရဲ့ ဖော်ပြချက်အရ ရာမို့စ်ဟာ ပြင်သစ် လီဂူးဝမ်းမှာ ဆက်ရှိနေချင်နေပြီး ပီအက်စ်ဂျီအသင်းကလည်း စပိန်နောက်ခံကစားသမားကို ထိန်းသိမ်းထားချင်နေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.