Analysis Article Match Preview Premier League

မန်စီးတီး ခြေမချော်နိုင်ဘူးဆိုတဲ့ EPL ပွဲစဉ် ၂၉ အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

မန်ချက်စတာစီးတီး-လီဗာပူးလ်
မန်စီးတီးတို့အတွက်တော့ ဒီပွဲကို ခြေချော်ခဲ့ရင် တော်တော်လေး ဖိအားဝင်သွားမှာဖြစ်ပြီး လီဗာပူးလ်တို့ကတော့ အဆင့်လေး ဝင်ချင်ရင် နည်းနည်းလောက်တော့ ရုန်းအားပြနိုင်ရမယ့် ပွဲမျိုးဖြစ်နေခဲ့တာပါ။ အာဆင်နယ်ပရိသတ်တွေဆိုရင်တော့ မန်စီးတီးတို့ အမှတ်လျော့ဖို့ ဆုတောင်းနိုင်မယ့် အကောင်းဆုံး အခွင့်အရေးလည်းဖြစ်နေခဲ့ပေမယ့် အဝေးကွင်းဆိုရင် ချူချာလေ့ရှိတဲ့ ပုံစံကို ယာဂန် ကလော့ပ်တစ်ယောက် မပြင်နိုင်သေးဘူးဆိုရင် ဂွါဒီယိုလာရှေ့မှာ ဒူးထောက်သွားရနိုင်ပါတယ်။ ဟားလန်း ပါမပါက သူတို့အတွက် အရေးကြီးတဲ့ အချက် မဟုတ်ချိန်မှာ ပုံစံကောင်းမရှိတဲ့ လီဗာပူးလ်တို့ကို မန်စီးတီးတို့ကပဲ အချိန်တန်ရင် အနိုင်ရသွားနိုင်တာပါ။ (မန်စီးတီး 2-0 လီဗာပူးလ်)

ဘုန်းမောက်-ဖူလ်ဟမ်
ဘုန်းမောက်တို့ကတော့ ကရင် ထန်းလျက်အိုး တွေ့သလိုပါပဲ။ မီထရိုဗစ်ချ်နဲ့ ဝီလီယန်တို့ ပွဲပယ်ခံထားရမယ့် ဖူလ်ဟမ်ကို အိမ်ကွင်းအားကိုးနဲ့ လိုနေတဲ့ သုံးမှတ်အတွက် တစ်စစီ ဆုတ်ဖြဲနိုင်မှာဖြစ်ပါတယ်။ တန်းတက်အသင်းချင်း တွေ့ဆုံမှုရဲ့ ပထမအကျော့ ဖူလ်ဟမ်ကွင်းမှာ နှစ်ဂိုးစီ သရေကျထားခဲ့ပြီး ဘုန်းမောက်ကွင်းမှာတော့ နိုင်ပွဲရှာဖွေဖို့ နီးစပ်နေတာပါ။ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ဖို့အတွက် ချယ်ရီသီးတွေကို အားပေးရမယ့် ပွဲစဉ်ဖြစ်ပါတယ်။ (ဘုန်းမောက် 2-0 ဖူလ်ဟမ်)

နော့တင်ဟမ်ဖောရက်စ်-ဝုလ်ဗာဟမ့်ပ်တန်
နှစ်သင်းစလုံးကတော့ ခန့်မှန်းရခက်တဲ့ အသင်းတွေဖြစ်ပြီး စိတ်မထင်ရင် မထင်သလို ရှုံးပစ်တတ်အောင် စိတ်ကြီးကြတာပါ။ နှစ်သင်းစလုံး အနေနဲ့ အဲ့ဒီလိုမျိုး နိုင်သင့်တဲ့ပွဲတွေမှာ အမှတ်တွေ လျော့ခဲ့ရတဲ့ အကျိုးဆက်ကတော့ တန်းဆင်းဇုန်နဲ့ ရှုံးပွဲတစ်ပွဲစာပဲ ကွာစေတော့တာဖြစ်သလို ဒီနေ့ပွဲက သူတို့နှစ်သင်းစလုံးအတွက် အရေးပါလာခဲ့ပါတယ်။ အိမ်ကွင်းနဲ့ ဂိုးသမား နာဗက်စ် အားသာချက်ကို ပိုင်ဆိုင်ထားတဲ့ ဖောရက်စ်တို့အနေနဲ့ တော်ရုံ အသင်းကြီးကို ယှဉ်ကစားနိုင်နေချိန်မှာ ဂျိုဆေးဆားရဲ့ အာရုံစူးစိုက်မှု မရှိတဲ့ ပုံစံနဲ့ ဂိုးတွေ ပေးနေရတဲ့ ဝုလ်ဗ်စ်တို့ ခံစားသွားရဖွယ်ရှိသလို လိုပီတီဂီကို ကူးပါးက ပညာပေးသွားဦးမယ် ထင်ပါတယ်။ (ဖောရက်စ် 1-0 ဝုလ်ဗ်စ်)

ခရစ္စတယ်လ်ပဲလေ့စ်-လက်စတာစီးတီး
ပရီးမီးယားလိဂ်ရဲ့ နည်းပြအိုကြီးကို စံချိန်တင် ခန့်အပ်လိုက်တဲ့ ပဲလေ့စ်တို့ကို ဝိုင်းရယ်နေကြပါတယ်။ ရွိုင်းဟော့ဆန်အနေနဲ့ အတိတ်တုန်းက ဘာတွေပဲ လုပ်ပြခဲ့ လုပ်ပြခဲ့ ဒီတစ်ကြိမ်မှာတော့ လင်းယုန်တွေကို ဆွဲချမယ့်သူအဖြစ်ပဲ ရှုမြင်ခံထားရတာပါ။ ဂိုးမသွင်းတတ်တဲ့ အသင်းရဲ့ ပြဿနာကို အဘိုးကြီး ဖြေရှင်းပေးနိုင်မယ်ဆိုရင် အနောက်က နေတွေ ဘာတွေ ထွက်ကုန်ပါလိမ့်မယ်။ လက်စတာတို့ကတော့ တဖြည်းဖြည်း လူပြန်စုံလာနေပြီး သူတို့ရဲ့ တိုက်စစ်မှာ အီဟန်နာချိုကလွဲလို့ အားလုံး အဆိပ်ရော အစွယ်ပါ ရှိကြတာကြောင့် အမှတ်လှူမယ့် ပဲလေ့စ်တို့ကို အဝေးကွင်းမှာ အနိုင်ယူကြမှာပါ။ (ပဲလေ့စ် 0-2 လက်စတာ)

အာဆင်နယ်-လိဒ်စ်ယူနိုက်တက်
ခံစစ်မှာ ဆာလီဘာ မပါရုံလောက်နဲ့တော့ အာဆင်နယ်တို့က ထူးထူးခြားခြား ယိုင်နဲ့မသွားသလို လိဒ်စ်လို အသင်းမျိုးကို ဟိုးလ်ဒင်းက ပိုပြီး ပါးပါးနပ်နပ် ထိန်းချုပ်ကစားနိုင်မှာဖြစ်ပါတယ်။ မန်စီးတီးတို့ အနိုင်ရခဲ့ရင်တော့ ဒီပွဲက အာဆင်နယ်တို့ကို ဖိအားအနည်းငယ် ဝင်စေနိုင်တာကလွဲလို့ တခြား ထူးထူးခြားခြားတော့ သုံးသပ်စရာ မရှိတာပါ။ ဂိုးတွေ အလွယ်တကူ ပေးရလေ့ရှိပြီး စုစည်းမှု အားနည်းတဲ့ လိဒ်စ်ခံစစ်ကိုလည်း အာဆင်နယ်တို့ ဂိုးမသွင်းနိုင်စရာ ဘာအကြောင်းမှ မရှိတာကြောင့် လူစုံလာတဲ့ ဂန်းနားတွေပဲ ဂိုးပြတ်နိုင်ပွဲ ဆင်နွှဲပါလိမ့်မယ်။ (အာဆင်နယ် 4-1 လိဒ်စ်)

ဘရိုက်တန်-ဘရန့်ဖို့ဒ်
ဘရန့်ဖို့ဒ်တို့ကတော့ ဟုတ်မလိုလိုနဲ့ ခြေကျနေပြီး လောင်းကစားမှုနဲ့ စွဲချက်တင်ခံရမှာလား ဘာလား မသိရတဲ့ အဓိက ဂိုးသွင်းဘုရင် တိုက်စစ်မှူး တိုနီတစ်ယောက်တည်း အာရုံတွေ လွင့်ပါးနေပါတယ်။ ဘရိုက်တန်တို့ကတော့ ကွင်းလယ်ကစားကွက် ကောင်းကောင်းနဲ့ အသင်းကြီးနီးပါး ကစားပြနိုင်နေပြီး မက္ကယ်လစ္စတာ၊ ကိုင်စီဒို၊ မီတိုမာတို့က အသင်းအတွက် အဓိက အင်အားတွေဖြစ်သလို အိမ်ကွင်းမှာတော့ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် သုံးမှတ် ရယူနိုင်တဲ့ အသင်းမျိုးဖြစ်နေခဲ့ပါတယ်။ ဒီပွဲက အိမ်ရှင် ဘရိုက်တန်တို့အတွက်တော့ လက်ထဲက နိုင်ပွဲကို ဘယ်လို သေချာအောင် စီမံမလဲဆိုတဲ့ ပုစ္ဆာတစ်ပုဒ်ပဲဖြစ်ပြီး လွှင့်မပစ်လောက်ဘူးလို့တော့ ယူဆရပါတယ်။ (ဘရိုက်တန် 2-1 ဘရန့်ဖို့ဒ်)

ချဲလ်ဆီး-အက်စ်တန်ဗီလာ
၂၇ ပွဲကစားပြီး ရမှတ်ချင်းတူညီနေတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်ပြီး အိမ်ရှင်တွေအနေနဲ့ ဧည့်သည်တွေကို ဂိုးကွာခြားချက်မှာ အသာရထားလို့ အဆင့် ၁၀ မှာ ရပ်တည်နေခဲ့ချိန်မှာ ဖြုတ်ချမခံရဖို့တော့ ကြိုးစားရမှာပါ။ ဂရေဟမ် ပေါ့တာအနေနဲ့ သူ့ရဲ့ အကောင်းဆုံး ၁၁ ယောက်ကို ခုချိန်ထိ ရှာမတွေ့သေးသလို တွေဝေတဲ့ လူထုတ်ပုံ၊ ဗျူဟာခင်းကျင်းပုံတွေနဲ့ အဲဗာတန်နဲ့ပွဲက သုံးမှတ်ကို လွှင့်ပစ်ထားခဲ့ပါတယ်။ ဗီလာတို့ကတော့ ချဲလ်ဆီးတို့ရဲ့ လေးလံတဲ့ ခံစစ်ပိုင်းကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားပြီး ဝပ်ကင်းစ် အထူးခြေစွမ်းပြနေတာကြောင့် သူ့အနေနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဘယ်နှစ်မှတ်ခွဲယူနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်သလို သရေကျဖို့ များနေပါတယ်။ (ချဲလ်ဆီး 1-1 ဗီလာ)

ဝက်စ်ဟမ်းယူနိုက်တက်-ဆောက်သမ်တန်
နှစ်သင်းစလုံးအနေနဲ့ တန်းဆင်းဇုန်မှာ ရှိနေကြပြီး ဝက်စ်ဟမ်းတို့ကတော့ နှစ်ပွဲလျှော့ ကစားထားတာကြောင့် အချိန်တန်ရင် တန်းမဆင်းရဘဲ လွတ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ပိုင်ဆိုင်ထားပါတယ်။ ဒေးဗစ်မွိုက်စ်မှာတော့ လူစာရင်းကို ဖြစ်သလို ပွဲထုတ်ပြီး ခံစစ်နဲ့ ကွင်းလယ်မှာ မထင်ရင် မထင်သလို ဂျလုံးပလုံးတွေကို ထည့်သွင်းတတ်တဲ့ အားနည်းချက်ရှိနေပြီး စိန့်နည်းပြသစ် ရူဘင် ဆဲလက်စ်ကတော့ ခံစစ်ကစားပုံနဲ့ အတွေ့အကြုံမှာ နုသလိုရှိနေပါတယ်။ ဝက်စ်ဟမ်းတို့ အမှားမလုပ်ရင် ဒီနေ့ပွဲက အနိုင်ရဖို့ ထိုက်တန်ပြီး စိန့်တို့အတွက်တော့ နိုင်ပွဲရဖို့ စောင့်ရဦးမှပါ။ (ဝက်စ်ဟမ်း 2-0 စိန့်)

နယူးကာဆယ်လ်ယူနိုက်တက်-မန်ချက်စတာယူနိုက်တက်
နယူးကာဆယ်လ်တို့အတွက် အဆင့် ၄ ကို လုမယ့်သူတွေ များပြားနေချိန်မှာ အကြွေးဆပ်ရမယ့် ရန်သူတော်ကြီးက အချိန်ကိုက်ရောက်လာလို့ အခွင့်အရေးယူနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ခေတ်ဦး အလန် ရှီးရား ပြောင်းလာခဲ့ချိန်လောက်တုန်းကဆိုရင်တော့ ဒီနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်တတ်ပြီး လက်ရှိမှာတော့ ဆော်ဒီတွေရဲ့ မြေတောင်မြှောက်မှုမှာ သရဲနီတွေကို ငှက်ကျားတွေ ခြိမ်းခြောက်နိုင်စွမ်း ရှိလာခဲ့တာပါ။ အီဆက်ခ်ရဲ့ ခြေစွမ်းပြမှုက အိမ်ရှင်တွေအတွက် အားတက်ချင်စရာဖြစ်ပြီး အဆင့် ၃ ကို အလွယ်တကူ သိမ်းပိုက်နိုင်စွမ်းရှိတဲ့ မန်ယူတို့ ဒီနေ့ပွဲမှာ လျှော်သွားနိုင်ပါတယ်။ (နယူးကာဆယ်လ် 2-1 မန်ယူ)

အဲဗာတန်-တော့တင်ဟမ်ဟော့စပါး
ဗိုက်ခွဲထားရတဲ့ ကွန်တီ ပြုတ်သွားပေမယ့် လက်ထောက်နည်းပြ စတယ်လီနီဆိုတာက အသင်းကို သူမရှိချိန်မှာ အကောင်းဆုံး ကိုင်တွယ်ခဲ့သူ ဖြစ်နေတာကြောင့် စပါးစ်တို့ ကြီးကြီးမားမား ပုံပျက်သွားဖို့တော့ ရှိမနေတာပါ။ အတွင်းသတင်းတွေအရတော့ ကွန်တီနဲ့ အသင်းသားတွေကြားမှာ ဆက်ဆံရေး ပြိုကွဲနေခဲ့သလို သူ့ရဲ့ ဦးဆောင်မှုကို မကြိုက်သူတွေကြောင့် အသင်းမှာ အဖွဲ့တွေ ကွဲနေခဲ့ပါတယ်။ အီတလီသားရဲ့ အရိပ်ကနေ လွတ်သွားမယ့် ပထမဆုံး ပွဲစဉ်ကို ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ တုံ့ပြန်ပြနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ချဲလ်ဆီးထက် ပိုကောင်းတဲ့ စပါးစ်တို့ကိုတော့ နောက်ထပ် အမှတ်ခွဲယူနိုင်ဖို့ အဲဗာတန်တို့ မျှော်လင့်မယ်ဆိုရင် စိတ်ကူးယဉ်ဆန်လွန်းမယ်လို့ ထင်ပါတယ်။ (အဲဗာတန် 1-3 စပါးစ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.