International Match Report

လူကာကူး ဟက်ထရစ်နဲ့ ဆွီဒင်ကို အဝေးကွင်းမှာ အနိုင်ကစားတဲ့ ဘယ်လ်ဂျီယမ်

ဘယ်လ်ဂျီယမ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ ဖာ့စ်၊ ဗာတွန်ဂန်၊ ကက်စတာညာနဲ့ သီယာတေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အိုနာနာ၊ ကာရက်စ်ကိုနဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ လူကာဘာကီယို၊ ထရော့ဆတ်နဲ့ လူကာကူးတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဆွီဒင်အသင်းကတော့ ဂိုးသမား အော်လ်ဆန်၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ အက်ခ်ဒဲလ်၊ ဝဲ့လ်ခ်ဗစ်နဲ့ အော်ဂတ်စ်တင်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဂူးစတပ်ဖ်ဆန်၊ အော်လ်ဆန်၊ ဆဗန်ဘတ်နဲ့ ဖော့စ်ဘတ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီးနဲ့ အီဆက်ခ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

အသက် ၃၇ နှစ်အရွယ် ဧည့်သည်နည်းပြ ဒိုမင်နီကို တယ်ဒက်စ်ကိုအနေနဲ့ RB လိုက်ပ်ဇစ်အသင်းကနေ ထွက်ခွာခဲ့အပြီးမှာ ဘယ်လ်ဂျီယမ် လက်ရွေးစင်အသင်းကို ပထမဆုံး စတင်ကိုင်တွယ်ခဲ့တာလည်းဖြစ်ပြီး နည်းပြဟောင်းနဲ့ အသားကျနေခဲ့တဲ့ ၃-၄-၃ ကစားကွက်ကို စွန့်လွှတ်ခဲ့သလို ၄-၃-၃ ပုံစံကို ပြောင်းလဲလာခဲ့ပြီး ဘယ်နောက်ခံ ကစားနေကျ ကာရက်စ်ကို,ကို ကွင်းလယ်မှာ နေရာချထားခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်တို့ အခွင့်အရေးတွေ ပိုမိုဖန်တီးနိုင်ခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါ အခြေစိုက်ကစားသမား လူကာဘာကီယိုက ဖြုန်းတီးနေခဲ့သလို ဖန်တီးမှုတွေလည်း မတိကျခဲ့တာကြောင့် တိုက်စစ်မှာ ရုန်းကန်နေခဲ့ရပြီး ပွဲချိန် ၁၅ မိနစ်မှာ ဆွီဒင်ဘက်ကတောင် ကူလူရှက်ဗ်စကီးရဲ့ တစ်ကိုယ်တော် ကန်သွင်းမှုကို ဂိုးသမား ကူတွာ မကာကွယ်နိုင်ခဲ့ချိန်မှာ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် နောက်ခံလူ ဖာ့စ်ရဲ့ ဂိုးစည်းပေါ်က ရှင်းထုတ်မှုကို ခံခဲ့ရတာပါ။

ပွဲချိန် ၃၅ မိနစ်မှာ ဘယ်လ်ဂျီယမ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ စိတ်ရှည်လက်ရှည် အပေးအယူလုပ်ပြီး အပေါက်ရှာနေခဲ့တဲ့ လူကာဘာကီယိုရဲ့ ဂိုးရှေ့ကို ဘယ်ခြေနဲ့ ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို လူကာကူးက လင်ဒီလော့ဖ်ရဲ့ ညံ့ဖျင်းတဲ့ ခေါင်းတိုက်ဖျက်ပုံ အသုံးမကျလို့ ကျလာခဲ့ရာမှာ အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာ ဖရီးကစ်ကနေ ပြန်ထွက်လာတာကို ဂူးစတပ်ဖ်ဆန်ရဲ့ ဧရိယာထိပ်ကနေ အပြင်းကန်သွင်းမှုကို ဂိုးသမား ကူတွာ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် ဆွီဒင်တို့ ချေပဂိုးနဲ့ ဝေးခဲ့ရပြီး ပထမပိုင်းမှာတော့ ဧည့်သည် ဘယ်လ်ဂျီယမ်တို့က အိမ်ရှင်ဆွီဒင်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နေခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ ဘယ်လ်ဂျီယမ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ဒီဘရိုင်းနားက အတိုပေးခဲ့ရာမှာ လူကာဘာကီယိုက ဆွီဒင်ဧရိယာထဲကို တစ်ကိုယ်တော် ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ လူကာကူးက အနီးကပ် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာ ဘယ်လ်ဂျီယမ်တို့ဘက်က လူကာဘာကီယိုနဲ့ ထရော့ဆတ်တို့အစား ဘာကာယိုကိုနဲ့ မန်ဂါလာတို့ကို ထည့်ပြီး အပြောင်းအလဲ လုပ်သွားခဲ့ကြသလို ဆွီဒင်တို့ဘက်ကတော့ အော်လ်ဆန်၊ ဖော့စ်ဘတ်နဲ့ အီဆက်ခ်တို့အစား ဂျိုကာရက်စ်၊ ကလာ့စ်ဆန်နဲ့ အီဘရာဟီမိုဗစ်ချ်တို့ကို ထည့်ပြီး ဂိုးပြန်ရနိုင်ဖို့ ကြိုးစားလာခဲ့ကြတာပါ။

ဒါပေမယ့် ပွဲချိန် ၈၂ မိနစ်မှာတော့ ဘယ်လ်ဂျီယမ်တို့အတွက် အနိုင်ပြတ်သားစေမယ့် တတိယဂိုးကို လူကာကူးကပဲ သူ့ရဲ့ ဟက်ထရစ်အဖြစ် တစ်ဦးတည်း ဒိုင်ခံသွင်းယူသွားခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ တစ်ကိုယ်တော်ဆွဲပြေးလာတဲ့ ပီအက်စ်ဗီလူငယ် ဘာကာယိုကိုက ဂိုးရှေ့ကို အနိမ့်ဘော ခင်းပေးရာမှာ လူကာကူးက နေရာယူမှန်မှန်နဲ့ အသာယာ ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘယ်လ်ဂျီယမ်တို့က ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု(အက်ဖ်)မှာ အုပ်စုတွင်း အဓိက ပြိုင်ဘက်ဖြစ်တဲ့ ဆွီဒင်တို့ကို အဝေးကွင်းမှာ သုံးဂိုး-ဂိုးမရှိနိုင်ပွဲနဲ့ စောစောစီးစီး ဦးချိုးလိုက်ပြီး ခြေစစ်ပွဲအောင်ဖို့ တာစူလိုက်သလို အုပ်စုဗိုလ်နေရာအတွက်တော့ အိမ်ကွင်းမှာ အဇာဘိုင်ဂျန်ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဩစတြီးယားတို့ဆီ ခဏလွှဲပေးထားခဲ့ရပြီး ဆက်လက်ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.