International Match Report

အမ်ဘာပေနဲ့အဖွဲ့ရဲ့ အစွမ်းနဲ့ ဒတ်ချ်တွေကို ရက်ရက်စက်စက် အနိုင်ယူလိုက်တဲ့ ပြင်သစ်

ပြင်သစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မေညွန်၊ ခံစစ်မှာ ကိုနာတေ၊ အူပါမီကာနို၊ ကွန်ဒီနဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဟာဗျို၊ ချွယ်မင်နီနဲ့ ဂရစ်ဇ်မန်းတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကိုမွန်၊ အသင်းခေါင်းဆောင်သစ် အမ်ဘာပေနဲ့ ကိုလို မူအာနီတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် နယ်သာလန်အသင်းကတော့ ဂိုးသမား ဆီလက်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ ဂီးထရူဝီဒါ၊ တင်မ်ဘာနဲ့ အာကေတို့ကို နေရာချထားခဲ့ပြီး ကွင်းလယ်မှာတော့ ဒီရွန်း၊ ကင်းနက် တေလာနဲ့ ဗိုင်နယ်လ်ဒွမ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘာ့ဂ်ဟာ့စ်၊ ဇာဗီ ဆီမွန်စ်နဲ့ ဒီပိုင်းတို့ကို တင်ကစားလာခဲ့တာပါ။

အိမ်ရှင်တွေအနေနဲ့ လူမစုံခဲ့ဘဲ ဒီလစ်ချ်၊ ဒီယုံး၊ ကူးပ်မိန်နာစ်၊ ဂက်ခ်ပိုတို့လို ကစားသမားတွေ လျော့နေခဲ့တဲ့ ဒတ်ချ်တွေကို အလွယ်တကူပဲ ပါရီက အိမ်ကွင်း စတာဒီ ဖရွန့်စ်မှာ ထိန်းချုပ်ပြီး ကစားသွားနိုင်ခဲ့သလို နည်းပြ ရော်နယ်လ် ကိုးမန်းကတော့ ဆရာကြီး ဒီဒီယေး ဒေးရွှမ့်စ်ရဲ့ ပြိုင်ဘက်ကောင်း မဖြစ်နိုင်သေးတာကိုပဲ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၂ မိနစ်မှာကတည်းက ပြင်သစ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ နယ်သာလန်တို့ ပလာတာများနေတာကို ကြည့်မရတော့တဲ့ ဂရစ်ဇ်မန်းက လျှောထိုးဖျက်ထုတ်လိုက်တဲ့ ဘောလုံးကို ကိုလို မူအာနီက ဘယ်ခြမ်းကို ထုတ်ပေးပြီး အမ်ဘာပေက ဂိုးရှေ့ကို ပြန်ခင်းပေးခဲ့ရာမှာ စတင်သူ ဂရစ်ဇ်မန်းကပဲ အချိန်မီ ရောက်လာပြီး ပြေးဝင်ကန်သွင်းနိုင်ခဲ့တာကြောင့် ဒတ်ချ်ဂိုးသမား ဆီလက်ဆန် ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။

ပွဲချိန် ၈ မိနစ်မှာတော့ ပြင်သစ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ ဂရစ်ဇ်မန်းက ဖြတ်တင်ပေးရာမှာ ဝင်ပိတ်ခဲ့ကြတဲ့ ကိုလို မူအာနီရော ဟာဗျိုပါ လွဲချော်ခဲ့ကြပေမယ့် ဆီလက်ဆန်နဲ့ ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးက နောက်က ပြေးဝင်လာတဲ့ ခံစစ်မှူး အူပါမီကာနိုကို မှန်ပြီး ဂိုးထဲ ဝင်သွားလို့ ဘိုင်ယန်ကစားသမားအနေနဲ့ ကံကောင်းပြီး ဂိုးရသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာ ဒတ်ချ်တို့ရဲ့ တန်ပြန်တိုက်စစ်ကနေ ပြင်သစ်ခံစစ်ရဲ့ လူကျွံထောင်ချောက်ကို အရူးလုပ်ပြီး ညာတောင်ပံသမား ဘာ့ဂ်ဟာစ်က ဖောက်ထွက်သွားနိုင်ခဲ့ပေမယ့် အဆုံးသတ်ဖို့ နှေးကွေးနေခဲ့တာကြောင့် ဟာနန်ဒက်ဇ်က ဖျက်ထုတ်နိုင်ခဲ့သလို ဘောလုံးကိုင်ပြီး ဖိကစားလာခဲ့တဲ့ ဧည့်သည်တွေဘက်က ဗိုင်နယ်လ်ဒွမ်ရဲ့ ကန်ချက်ကလည်း ဂိုးသမား မေညွန်ဆီပဲ ရောက်သွားခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာတော့ ပြင်သစ်တို့ပဲ တတိယဂိုး ထပ်ရခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံး ဆွဲယူလာတဲ့ ချွာမင်နီက ဧရိယာထိပ်ကို ထိုးပေးခဲ့ရာမှာ ကိုလို မူအာနီက ထိန်းမနေဘဲ နောက်ပေါက်နဲ့ ထုတ်ပေးလိုက်တာက ဒတ်ချ်ခံစစ်တွေကြားကနေ လွတ်သွားခဲ့တာကို အမ်ဘာပေက ဘယ်ခြမ်းကနေ ဂိုးသမားနဲ့ One on One အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာကြောင့် သူ့ရဲ့ ကပ္ပတိန်ဘဝနဲ့ ပထမဆုံးဂိုးရခဲ့တာလည်းဖြစ်ပါတယ်။

စောစောစီးစီးမှာပဲ ပက်ပက်စက်စက် ရှုံးနေခဲ့တဲ့ ဒတ်ချ်တို့ဘက်က ကွင်းလယ်လူ တေလာအစား တိုက်စစ်မှူး ဗက်ဂ်ဟော့စ်ကို ပွဲချိန် ၃၃ မိနစ်မှာ လူစားသွင်းခဲ့ပြီး ဖိကစားခဲ့ပေမယ့် ဂရစ်ဇ်မန်းရဲ့ တည်ကန်ဘောတွေနဲ့ ပြင်သစ်တို့ကပဲ ကြောက်မက်ဖွယ် ခြိမ်းခြောက်နိုင်ခဲ့သလို ပထမပိုင်းမှာတော့ ဂိုးထပ်မရခဲ့လို့ သုံးဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း နယ်သာလန်တို့ ဘောလုံးကိုင်ကစားလိုက် လွတ်ထွက်သွားရင် ပြင်သစ်က ကောင်တာပြန်တိုက်လိုက်၊ ထောင့်ကန်ဘော ကန်တင်လိုက်နဲ့ပဲ သံသရာလည်နေခဲ့သလို ဒီပိုင်းရဲ့ ဖရီးကစ်တစ်ကြိမ်ကိုတော့ အိမ်ရှင်ဂိုးသမား မေညွန် ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပြီး ဒတ်ချ်တို့ရဲ့ လူစားဝင် ကွင်းလယ်လူ ကလာ့စ်ဆန် လူပေးမှားရာကနေ အမ်ဘာပေ ကန်တာကိုလည်း ဆီလက်ဆန်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပြင်သစ်တို့ဘက်က ကိုမွန်၊ ချွာမင်နီ၊ ဂရစ်ဇ်မန်း၊ ကိုလို မူအာနီနဲ့ ဟာဗျိုတို့အစား ဒီယာဘီ၊ ကာမာဗင်ဂါ၊ ဖိုဖာနာ၊ ဂျီရူးနဲ့ ကက်ဖရင် သူရမ်တို့ကို လူစားလဲသွားခဲ့ကြပြီး နယ်သာလန်တို့ဘက်ကတော့ ဒီရွန်း၊ ဘာ့ဂ်ဟာ့စ်၊ ဇာဗီ ဆီမွန်စ်နဲ့ ဂီးထရူဝီဒါတို့အစား ဘလင်းဒ်၊ မာလန်၊ ကလာ့စ်ဆန်နဲ့ မာလာစီယာတို့ကို ထည့်သွင်းသွားခဲ့ကြပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ ပြင်သစ်တို့ပဲ စတုတ္ထ ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ပေါပေါပဲပဲ နောက်ပြန်ပေးပြီး မှားခဲ့တဲ့ ဒီပိုင်းရဲ့ လက်ဆောင်ဘောလုံးကို အမ်ဘာပေက ရသွားခဲ့ပြီး တင်မ်ဘာကို ဖြတ်ကျော်ပြီးမှ ဝင်ပိတ်ဆို့ဖို့ ကြိုးစားတဲ့ မာလာစီယာနဲ့ ဘလင်းဒ်တို့ ကြားကနေ အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာတော့ ဆီလက်ဆန် ဘာမှ မတတ်နိုင်ဘဲ ဂိုးထပ်ပေးခဲ့ရတာပါ။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ ဗက်ဂ်ဟော့စ်ရဲ့ ခေါင်းတိုက်ချက်က ဆန့်ထုတ်ထားတဲ့ အူပါမီကာနိုရဲ့ လက်ကို သွားမှန်ခဲ့တာကြောင့် ဒတ်ချ်တို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား မေညွန်တည့်တည့်ကို ကန်မိခဲ့လို့ ပုတ်ထုတ်ခံခဲ့ရပြီး ထပ်ဆင့် ကန်သွင်းရာမှာလည်း ပျော့နေခဲ့လို့ အေစီမီလန်ဂိုးသမားက အမိဖမ်းသွားနိုင်ခဲ့တာကြောင့် ဧည့်သည်တွေ ဘဲဥမကွဲဘဲ ပက်ပက်စက်စက် အသည်းခွဲခံခဲ့ရတတာဖြစ်ပါတယ်။

လေးဂိုး-ဂိုးမရှိနဲ့ ပါရီမှာ အနိုင်ရခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် ပြင်သစ်တို့အနေနဲ့ အဓိက ပြိုင်ဘက်ဆီက ပြတ်သားတဲ့ နိုင်ပွဲနဲ့ ရမှတ်သုံးမှတ်ကို စတင် စုဆောင်းနိုင်ခဲ့ကြသလို ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု(ဘီ)မှာ ဂျီဘရော်လ်တာကို သုံးဂိုးပြတ်နဲ့နိုင်တဲ့ ဂရိတို့ရဲ့ အထက် ပထမနေရာကနေ ရပ်တည်နိုင်ခဲ့ပြီး အသင်းခေါင်းဆောင်သစ် ဥက္ကဌကြီး အမ်ဘာပေနဲ့ ကပ္ပတိန်ပွဲဦးထွက်က လှပခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.