International Match Report

ငါမအိုသေးဆိုပြီး ပေါ်တူဂီအတွက် လစ်ချင်စတိန်းကို နှစ်ဂိုးသွင်းပြတဲ့ ရော်နယ်လ်ဒို

ပေါ်တူဂီအသင်းအနေနဲ့ နည်းပြသစ် ရောဘတ်တို မာတီနက်ဇ်နဲ့အတူ ဂိုးသမား ရူအီ ပက်ထရီစီယို၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ ဒါနီလို ပါရဲရားနဲ့ ဂွန်ဆာလို အင်နာစီယိုတို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဂျာအို ပယ်လင်ညာ၊ ဘရူနို ဖာနန်ဒက်စ်၊ ဘာနာဒို ဆေးလ်ဗား၊ ဂျာအို ကန်အယ်လိုနဲ့ ရာဖေးလ် ဂွါရဲရိုးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂျာအို ဖဲလစ္စနဲ့ ရော်နယ်လ်ဒိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လစ်ချင်စတိန်းအသင်းကတော့ ဂိုးသမား ဘူရှယ်လ်၊ ခံစစ်မှာ ထရေဘာ၊ မာလင်စ်၊ ဟော့ဖာ၊ ဝုလ်ဖင်ဂါနဲ့ မိုင်ယာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဗိုက်ဇာ၊ ဖရွမ်းမဲ့လ်၊ ဟက်စ်လာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂက်စ်နာနဲ့ ဆီလီတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာကတည်းက ပေါ်တူဂီတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းက ဂွါရဲရိုးရဲ့ ထောင့်ကန်ဘောကနေ လစ်ချင်စတိန်းဂိုးသမား ပုတ်ထုတ်လို့ ထွက်လာတဲ့ ဘောလုံးကို ကန်ဆယ်လိုက ဧရိယာအပြင်ကနေ အပြင်းကန်သွင်းယူခဲ့ရာမှာ ဂိုးသမား ပုတ်ထုတ်ဖို့ ကြိုးစားခဲ့တပမယ့် မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်မှာ ပေါ်တူဂီတို့ပဲ တောက်လျှောက်ဖိကစားခဲ့ပေမယ့် ဂျာအို ဖဲလစ္စရဲ့ ကန်သွင်းမှုတွေက ဂိုးသမား ဘူရှယ်လ်ဆီပဲ ရောက်နေခဲ့သလို ကွင်းလယ်ကစားသမားတွေရဲ့ ကန်ချက်တွေကတော့ လွဲချော်နေခဲ့ပြီး ရော်နယ်လ်ဒိုရဲ့ ကြိုးစားမှုတွေကလည်း ဂိုးမဖြစ်ခဲ့လို့ ပထမပိုင်းမှာတော့ အိမ်ရှင်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ ပေါ်တူဂီတို့ ဒုတိယ ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းတွဲလုံးကနေ ဘရူနို ဖာနန်ဒက်စ် ထိုးပေးတာကို ကန်ဆယ်လိုက ဧရိယာထဲ ချိုးပေးရာမှာ လစ်ချင်စတိန်းခံစစ်က တားဆီးရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဘာနာဒို ဆေးလ်ဗားက အနီးကပ် ကန်သွင်းရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာ ပေါ်တူဂီတို့ တတိယ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဧရိယာထဲ ဆွဲဝင်လာတဲ့ ကန်ဆယ်လိုကို နောက်ကနေ ဖိလှဲခဲ့တဲ့ လစ်ချင်စတိန်းခံစစ်မှူး ဟော့ဖာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ရော်နယ်လ်ဒိုက ညာဘက်တိုင်ခြေကို အနိမ့်ဘော အပြင်းကန်သွင်းယူခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ ပေါ်တူဂီတို့ပဲ စတုတ္ထဂိုး ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုကပဲ လစ်ချင်စတိန်း ဧရိယာထိပ်မှာ ရတဲ့ ဖရီးကစ်ကို လူတံတိုင်းနဲ့ လွတ်နေတဲ့ ညာခြမ်းကို အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘူရှယ်လ် လက်နဲ့ ထိရုံပဲ တတ်နိုင်ခဲ့ပြီး မကာကွယ်နိုင်ခဲ့သလို့ သူ့အတွက် ၁၂၀ မြောက် နိုင်ငံတကာဂိုးကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ပေါ်တူဂီတို့ဘက်က ဂျာအို ဖဲလစ္စ၊ ဒါနီလို ပါရဲရား၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဘရူနို ဖာနန်ဒက်စ်တို့အစား ရာဖေးလ် လီယာအို၊ ရူဘင် နာဗက်စ်၊ ဂွန်ဆာလို ရာမို့စ်၊ ဗီတင်ညာနဲ့ ဂျာအို မာရီယိုတို့ကို လဲကစားသွားခဲ့ပြီး ဂိုးတော့ ထပ်မရခဲ့လို့ ပွဲအပြီးမှာ လေးဂိုး-ဂိုးမရှိနဲ့ပဲ လစ်ချင်စတိန်းတို့ကို အနိုင်ရခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် ပေါ်တူဂီတို့အနေနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု(ဂျေ)မှာ အိုက်စ်လန်ကို သုံးဂိုး-ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ ဘော့စနီးယားတို့အပေါ် ဂိုးကွာခြားချက် တစ်ဂိုးအသာနဲ့ အုပ်စု ပထမနေရာက ရပ်တည်သွားနိုင်ခဲ့ကြပြီး နည်းပြ ရောဘတ်တို မာတီနက်ဇ်အတွက် အဖွင့်လှခဲ့သလို အသက် ၃၈ နှစ် အရွယ် ရော်နယ်လ်ဒိုအတွက်လည်း စံချိန်သစ်တွေနဲ့ ရှေ့ဆက်နေနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.